မြန်မာသံစဉ် သီချင်းများနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ တွံတေးစိုးအောင်ကတော့ သူ့ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ်ကို ကျော်ကျော်နန္ဒထံ ပြန်ရောင်းချတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ကျော်ကျော်နန္ဒဆိုတာလည်း ကျနော်တို့နဲ့ တွံတေး တမြို့တည်းသားဆိုတော့ သီချင်းလေးကို လိုချင်ပါတယ်ဆိုပြီး ခွင့်တောင်းတယ်။ သီချင်းက သူတို့ဘက် ဆိုလို့ရမယ့် မြန်မာသံစစ်စစ် မဟုတ်ဘူး။ ကပြား DJ လေးနဲ့ သုံးလို့ရမယ့် သီချင်းတွေ ရွေးတော့ “ချစ်မိပြီ ဆရာမလေး” သီချင်းကို ရွေးလိုက်တယ်။ အခု လောလောဆယ်ကတော့ အဲဒီတပုဒ်ပဲ ယူသေးတယ်။ နောက်ထပ် ၂ ပုဒ် လျာထားတယ်”
“ကျနော်က ပေးတယ်ဆိုတာကလည်း ထည့်သုံးလို့ရမှာကို ပေးတာ။ မပေးဘူးဆိုလည်း တမြို့တည်းသား ရင်းနှီးနေကြတာလေ။ တွံ့တေးစိုးအောင် နာမည်ကြီးကတည်းက အားပေး ရင်းနှီးနေကြတော့ သူက ရောင်းဖို့ ပြောတော့ စဉ်းတော့ စဉ်းစားတာပေါ့။ သူများတွေကို သီချင်းရောင်းပေးပြီး သူ့ကျ မရောင်းပေးဘူးဖြစ်မှာစိုးလို့ ရောင်းပေးလိုက်ပါတယ်”လို့ တွံတေးစိုးအောင်က ပြောပါတယ်။
အဲ့လို သီချင်းရောင်းလိုက်တဲ့အပေါ် ပရိသတ်တွေက သီချင်းပျက်မှာ စိုးတာကြောင့် မေတ္တာ၊ စေတနာနဲ့ စိုးရိမ်ပေးကြလို့ ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“တေးရေးဆိုတော့ လာဝယ်ရင် ရောင်းကြမှာပဲ။ သူလည်း အဆင်ပြေအောင် ဆိုမှာပါ။ သူဆိုကြည့်လို့ အဆင်ပြေရင်တော့ ထုတ်မှာပေါ့။ ပရိသတ်က သီချင်းပျက်မှာ စိုးတာ မေတ္တာ စေတနာနဲ့ပါ။ အဲ့စေတနာကို ကျေးဇူးလည်း တင်ပါတယ်။ လေးလည်း လေးစားပါတယ်”လို့ တွံတေးစိုးအောင်က ပြောပါတယ်။
လိုင်းချင်း မတူတဲ့သူကို ရောင်းတာကြောင့် အနုပညာသမားမှန်ရင်တော့ ဝေဖန်ခံရမှာပဲလို့ တွံတေးစိုးအောင်က ဆိုပါတယ်။
“တွံတေးစိုးအောင်ကို ချစ်တဲ့ ပရိသတ်တွေကတော့ လိုင်းချင်းမတူတဲ့ လိုင်းကို ရောင်းတာ မကြိုက်ကြဘူး။ အနုပညာသမားတွေကတော့ ဝေဖန်ခံရမှာပါ။ ကျနော် မှားတာတွေ ရှိမယ်။ မှန်တာလည်း ရှိမယ်။ ပရိသတ်တွေက ပြောပြတော့ မှားတာ၊ မှန်တာကို ပြန်ချင့်ချိန်တာပေါ့။ သူတို့ ဝေဖန်တာကလည်း ကျနော်တို့ အနုပညာကို ကြိုက်လို့ ဝေဖန်တဲ့အတွက် ကျေးဇူးတင်ပါတယ်”
“မှားသွားတာရှိရင်လည်း ပရိသတ်က ကျနော့်ကို ခွင့်လွှတ်ပေးပါ။ သူ့အသံလေး နားထာင်ကြည့်လိုက်ပါတယ်။ သူ့အသံမူရင်းက ဆိုရင် ရလောက်မယ်လို့ ထင်ပါတယ်။ ကျနော့်သီချင်း ပျက်သွားမယ်လို့တော့ စိုးရိမ်စိတ် မဖြစ်ပါဘူး။ ကျနော့်သီချင်းကိုပဲ နည်းနည်းပဲ မြူးမှာပါ။ ဒီ Timining နဲ့ပဲ သွားမှာဆိုတော့ သိပ်တော့ မပျက်စီးလောက်ဘူး ထင်ပါတယ်”လို့ တွံတေးစိုးအောင်က ပြောပါတယ်။
အခုလို သီချင်းရောင်းတာဟာ ငွေကြေး အခက်အခဲကြောင့် မဟုတ်ဘူးလို့လည်း တွံတေးစိုးအောင်က ဆိုပါတယ်။
“ကျနော် အခုလို သီချင်းရောင်းလိုက်တာက ငွေကြေးခက်ခဲလို့ မဟုတ်ပါဘူး။ သီချင်းတပုဒ်က ဘယ်လောက် အခက်အခဲကို ဖြေရှင်းနိုင်မှာမှ မဟုတ်တာ။ အနုပညာရှင်တွေက သူ့ဟာနဲ့သူ အဆင်ပြေကြပါတယ်။ ငွေကြေး အခက်အခဲ သိပ်မဖြစ်ကြဘူး။ အနုပညာသမားတွေ ဈေးတွေရောင်းကြတာလည်း စီးပွားရေး အဆင်မပြေလို့ ရောင်းတာ မဟုတ်ပါဘူး”
“ကိုဗစ်က ကမ္ဘာတဝှမ်းလုံး ဖြစ်တယ်။ အလုပ်က ဘယ်လုပ်ငန်းရှင်မဆို နားနေရတော့ ကျနော်တို့ ရုပ်ရှင်၊ ဂီတလုပ်တဲ့သူတွေ၊ ဇာတ်သဘင်တွေ အကုန်နားရတယ်။ အဲဒီတော့ ဒီရောဂါက ဘယ်ထိသွားမှန်းမသိတော့ လက်ထဲ ကိုင်ထားတဲ့ ပိုက်ဆံတွေက ကုန်မှာပေါ့။ အဲဒါတွေ မကုန်အောင် တချို့ ဈေးရောင်း၊ ရင်းနှီးထားကြတဲ့ သဘောနဲ့ ရောင်းကြတာပါ”
“အနုပညာသမားတွေက မရှိဘူးဆိုရင်တောင် လက်ထဲ သိန်း ၃၀၀၊ ၄၀၀ လောက်တော့ ရှိကြပါတယ်။ ကျနော်တို့လည်း မိုးကျမှ နားတယ်။ ကျနော်တို့တောင် နှစ် ၂၀ လောက် လူတောင် ၃၀၀၊ ၄၀၀ လောက်ရတာ။ အခုခေတ် ပေါ်ဦးပေါ်ပြားအသစ်ဆို ၄၀၀၀ ၊ ၅၀၀၀ မက ရတဲ့သူတွေလည်း ရှိတယ်။ အဲတော့ ရောဂါအခြေအနေကြောင့် လုပ်ငန်းတွေ ရပ်တော့ စိုးရိမ်ပူပန်မှု ရှိကြတာပါ။ ဒီသီချင်းရောင်းတာ ငွေရေးကြေးရေး အဆင်မပြေလို့ မဟုတ်ပါဘူး”လို့ တွံတေးစိုးအောင်က ပြောပါတယ်။
အဆိုတော် တွံတေးစိုးအောင်ကတော့ ဂီတသက်တမ်း ၂၅ နှစ်ရှိပြီဖြစ်ပြီး တေးစီးရီးပေါင်း ၁၁၀ ကျော် ထွက်ရှိထားတဲ့ မြန်မာသံ အဆိုတော်တဦး ဖြစ်ပါတယ်။
You may also like these stories:
အနုပညာလောကမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်ချင်သူ အလှမယ် စဝ်ယွန်းဝတီဦး