အမေရိကန်အပြာမင်းသား Ron Jeremy ဟာ အမျိုးသမီး ၃ ဦးအား မုဒိမ်းကျင့်ခဲ့ပြီး နောက်ထပ် အမျိုးသမီး တဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရင်ဆိုင်နေရတယ်လို့ လော့စ်အင်ဂျိလိစ် အစိုးရရှေ့တွေက ဇွန်လ ၂၃ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
အပြာရုပ်ရှင်ကားပေါင်း ၁၇၀၀ ကျော်မှာ သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာ့နာမည်ကျော် အပြာမင်းသား Jeremy ဟာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာကြောင့် မကြာသေးခင် နှစ်တွေအတွင်းမှာ အပြာရုပ်ရှင်လုပ်ငန်းကနေ တားမြစ်ခြင်း ခံထားရပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ ဟောလိဝုဒ် အနောက်ခြမ်းမှာ ဖြစ်ခဲ့တဲ့ သီခြား ဖြစ်ရပ် ၄ ခုအတွက် တရားစွဲဆိုခံထားရတာလည်း ဖြစ်ပါတယ်။ ဖြစ်ရပ် ၃ ခုကတော့ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း တူညီတဲ့ ဘားတခုအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မုဒိမ်းမှု စွဲချက်ကတော့ လော့စ်အင်ဂျလိစ်က အိမ်တအိမ်မှာ ဖြစ်ပွားခဲ့တာပါ။
Jeremy ရဲ့ရှေ့နေကတော့ အခုစွဲချက်တွေဟာ ထင်မှတ်မထားခဲ့တာတွေ ဖြစ်ပြီး စွပ်စွဲချက်တွေ အားလုံးကို ငြင်းဆိုသွားခဲ့ပါတယ်။ ရှေ့နေ Stuart Goldfarb က “နှစ်ပေါင်းများစွာကြာ Ron ဟာ အမျိုးသမီး ၄၀၀၀ ကျော်နဲ့ ဆက်ဆံခဲ့ဖူးတာတွေ ရှိတာကြောင့် သူဟာ မုဒိမ်းကောင်လို့ စွပ်စွဲခံရတာပါ။ ကျနော် ပြောချင်တာက အမျိုးသမီးတွေက သူ့ကို အပိုင်ကြံကြတာပါ” လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာ #MeToo လှုပ်ရှားမှု စတင်ခဲ့ချိန်ကစလို့ အနုပညာလုပ်ငန်းထဲက တချို့ပုဂ္ဂိုလ်တွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ မင်းသား Jeremy ကို စွပ်စွဲခဲ့သူတွေဟာ အသက် ၂၅ နှစ်ကနေ ၄၆ နှစ်အတွင်းရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အပေါ် စွဲဆိုထားတဲ့ ၂၀၁၆ ခုနှစ်တုန်းက သီးခြားအမှုမှာတော့ သက်သေ မပြည့်စုံလို့ဆိုပြီး ပယ်ချခံခဲ့ရပါတယ်။
တကယ်လို့သာ စွဲဆိုထားတဲ့ အမှုတွေမှာ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိတယ်ဆိုရင်တော့ အသက် ၆၇ နှစ်အရွယ် မင်းသားဟာ ထောင်ဒဏ် နှစ် ၉၀ အထိ ကျခံရနိုင်ချေရှိပါတယ်။ မင်းသားဟာ Deep Throat II ၊ John Wayne Bobbitt Uncut စတဲ့ အပြာရုပ်ရှင်တွေနဲ့ နာမည်ကျော်ခဲ့သူလည်း ဖြစ်ပါတယ်။
လောလောဆယ်တော့ သူ့ဟာ လက်ထိပ်ခတ် ဖမ်းဆီးခံထားရပြီး ဒေါ်လာ ၆ ဒဿမ ၆ သန်းနဲ့ သူ့ကို အာမခံပေးမယ့် ကိစ္စကိုလည်း ဇွန်လ ၂၆ ရက်အထိ ရွှေ့ဆိုင်းခံထားရပါတယ်။ သူ့လိုပဲ လိင်ပိုင်းဆိုင်ရာ မတော်မတရားမှုတွေနဲ့ တရားစွဲခံရသူ ဟောလိဝုဒ် နာမည်ကျော်ထုတ်လုပ်သူ Harvey Weinstein ဟာလည်း နယူးယောက်မှာ မုဒိမ်းမှု တခုနဲ့ လော့စ်အင်ဂျလိစ်မြို့မှာ အမျိုးသမီး ၃ ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တာကြောင့် ထောင်ဒဏ် ၂၃ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။
Ref: thejakartapost
You may also like these stories:
“The Flash” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် မင်းသား Michael Keaton သရုပ်ဆောင်ဖို့ရှိ
ဘရက်ပစ်နဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းရင်းကို ထုတ်ပြောလာတဲ့ ဂျိုလီ
ငွေကြေးပြဿနာတွေကြောင့် ဇိမ်ခံအိမ်ကို ပေါင်လိုက်ရတဲ့ Stephen Chow