လတ်တလော လူမှုကွန်ရက် စာမျက်နှာမှာ ဝေဖန်မှု မြင့်တက်နေတဲ့ သရုပ်ဆောင် ချစ်သုဝေရဲ့ ဖခင်ဖြစ်သူ ရေးဆွဲထားသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားနဲ့ပတ်သက်ပြီး ချစ်သုဝေက အခုလို ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
“ကျမ ဖေဖေ ရေးဆွဲသော ပန်းချီတခုနဲ့ ပတ်သက်ပြီး အနည်းငယ်ပြောဖို့ ရှိလာပါတယ်။ အဲဒီနေ့က လူထုခေါင်းဆောင် အမေ့မွေးနေ့ ကျမ ဖေဖေက မွေးနေ့ပန်းချီကားတချပ် ဆွဲထားလို့ ဖေဖေ့အိမ်ကို သွားပါတယ်။ ရည်ရွယ်ချက်က ကျမတို့ ပန်းချီကားနဲ့ အမှတ်တရ မွေးနေ့ ဆုမွန်တောင်းဖို့ပါ။ ရိုးရိုးသားသားပြောရရင် ဖြစ်ကြောင်းကုန်စင်က ဒီလောက်ပါပဲ” လို့ ချစ်သုဝေက ပြောထားပါတယ်။
ချစ်သုဝေ ကိုယ်တိုင်လည်း ပန်းချီကားနဲ့ ပတ်သက်ပြီး အားနည်းချက် ရှိတာကြောင့် ဖခင်ဖြစ်သူကို အကြံဉာဏ် မပေးနိုင်ခဲ့ဘဲ ဖခင်ဖြစ်သူကလည်း ဇွန်လ ၂၁ ရက်နေ့က တောင်းပန်ထားတယ်လို့ ဆိုပါတယ်။
“ဒီပန်းချီကားနဲ့ ပတ်သက်ပြီး ကျမမှာ အားနည်းချက်တခု ရှိခဲ့ပါတယ်။ ဥဏ္ဏလုံ မွှေးရှင်တော်နဲ့ ပတ်သက်ပြီး ပန်းချီကားထဲ ထည့်ဆွဲသင့် ၊ မသင့်ကိုတော့ ကျမ ဖေဖေကို အကြံဉာဏ် မပေးနိုင်ခဲ့ပါ။ ဘာကြောင့်လဲဆိုရင် ကျမ လုံးဝမကြားဖူးလို့ဟုသာ အမှန်အတိုင်း ဝန်ခံပါသည်”
“ဥဏ္ဏလုံမွှေးရှင်တော် သင်္ကေတအနက် အဓိပ္ပာယ်ကို ကျမအခုမှပင် ဆရာတော်တွေကိုလျှောက် လူကြီးတွေကို မေးလုပ်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ကျမ ဖေဖေမှ ဆရာတော်ကြီးအား လျှောက်ထားမေးမြန်း၍ သိရှိနားလည်ကာ လေ့လာမှု ချို့ယွင်းချက်ကြောင့်သော်လည်းကောင်း၊ နားလည်မှု လွဲမှား၍သော်လည်းကောင်း ဇွန်လ ၂၁ ရက်နေ့က တောင်းပန်ထားပါတယ်” လို့ ချစ်သုဝေက ဆိုထားပါတယ်။
ဗုဒ္ဓဘာသာအပေါ် မလေးမစား စော်ကားတယ်ဆိုတဲ့ ထင်မြင်ချက်များအပေါ်လည်း ချစ်သုဝေက အခုလို ပြောပါတယ်။
“ဖေဖေနဲ့ ကျမ ခင်ပွန်းသည် ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအပေါ် ကျမက မလေးမစား စော်ကားတယ်ဆိုတဲ့ ထင်မြင်ချက်အချို့နဲ့ ပတ်သက်ပြီး အခုထိ ကျမ နားမလည်နိုင်သေးပါ။ ကျမတို့မိသားစု အလှူ၊ ဘုရားကျောင်းဆောင်၊ မုခ်ဦး၊ တန်ဆောင်း၊ ကထိန်အလှူများ ဖော်ပြ၍လည်း မရှင်းပြချင်ပါ။ အဲဒီ အလှူတွေဟာ သဒ္ဒါ၍ လှူချင်လို့ လှူခဲ့ခြင်း ဖြစ်ပါသည်။ ထိုအလှူများရဲ့ မှတ်တမ်းမှတ်ရာ ဓာတ်ပုံများစွာလည်း ဒီလူမှုကွန်ရက်ပေါ်မှာ ရှိပါတယ်” လို့ ချစ်သုဝေက ရှင်းပြထားပါတယ်။
ဆက်လက်ပြီး “ကျမသည် ခရစ်ယာန် ဘာသာဝင် ဖြစ်ပါသည်။ ကျမရဲ့ဇာတိ အမိနိုင်ငံသည် ဗုဒ္ဓသာသနာထွန်းကားရာ မြန်မာနိုင်ငံ ဖြစ်ပါသည်။ ကျမဖေဖေနှင့် ကျမ ခင်ပွန်းသည် ဗုဒ္ဓသာသနာကို ဆည်းကပ် ပူဇော်သည်။ ကျမ မယ်သီလရှင် မဝတ်ပါ။ သို့သော် ဦးဇင်းဆရာတော်များနှင့် မယ်သီလရှင်ဆရာလေးများကိုတော့ ရှိခိုးကန်တော့ပါသည်”
“ဘာကြောင့် ကန်တော့လဲဟုမေးလျှင် လေးစားကြည်ညို၍ဟုသာ ဖြေပါမည်။ ဒီလိုကန်တော့လို့ ကျမနှင့် ဘာသာတူအချို့မှ ပြောဆိုမှုများရှိရင်လည်း ချစ်ခြင်း၊ မုန်းခြင်း မဖြစ်ပါ။ ကိုလင်းပြောသော စကားတခွန်းကို အမြဲမှတ်ထားသည်။ “လူတဦးချင်း တယောက်ချင်းဟာ သူ့ရဲ့ဘာသာရေးနဲ့ပတ်သက်ရင် သူ့နှလုံးသားမှာ ကိန်းဝပ်နေရင်ပြီးတာပဲ”
“တရားတွေကို လုပ်နိုင်၊မလုပ်နိုင် ကတော့ ဘဝကြီးထဲမှာ သူဘယ်လိုရပ်တည် ရှင်သန်မလဲ အပေါ်မှာ မူတည်တာပဲ”တဲ့။ ကိုလင်းရဲ့ ဒီစကားကြောင့် ကျမရဲ့ဘာသာတရားအပေါ်လည်း ပိုမိုယုံကြည်ခိုင်မာလာသလို တပါးသူ၏ ဘာသာတရားအပေါ်လည်း လေးစားမှု ပိုမိုခဲ့ပါသည်။ အားလုံး စိတ်နှလုံးချမ်းမြေ့ပါစေ”လို့ ချစ်သုဝေက ဆိုထားပါတယ်။
ဒီအကြောင်းအရာတွေကိုတော့ ချစ်သုဝေက သူ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်ကနေ တဆင့် လူအများ အထင်လွဲနေသည့် ကိစ္စရပ်အပေါ် ပြန်လည် ဖြေရှင်းထားခြင်းပဲ ဖြစ်ပါတယ်။
အဆိုပါ ဒေါ်အောင်ဆန်းစုကြည်ပုံ ဆွဲထားတဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ချစ်သုဝေနဲ့ သူမရဲ့ဖခင်ဖြစ်သူတို့အား အမျိုးသားရေးအဖွဲ့ရှေ့နေ ဦးအေးပိုင်မှ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ဖို့ အကြံပေးစကား ပြောခဲ့တဲ့ ချစ်သုဝေ
မြန်မာ ပန်းချီပညာရှင်များကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး