COVID-19 ကပ်ရောဂါကာလမှာ စားဝတ်နေရေး ခက်ခဲနေတဲ့ ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်များကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ တတ်နိုင်တဲ့သူများက လှူပေးနေတဲ့အပေါ် ဝမ်းသာမိတယ်လို့ ဇာတ်ပို့ သရုပ်ဆောင် မောင်မောင်မျိုးသန့်က ပြောပါတယ်။
“COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတော့ အလုပ်မလုပ်ရဘဲ ထိုင်နေရတာ ကြာပြီလေ။ စားဝတ်နေရေးအတွက်တော့ အခက်အခဲတွေ ရှိပါတယ်။ ဒါပေမဲ့ မကြာမကြာ အထောက်ပံ့လေးတွေတော့ ရပါတယ်။ အဲ့လိုရတော့ ဝမ်းသာပါတယ်။ အနုပညာလောကသား အကုန်လုံး အဆင်မပြေ ဖြစ်နေကြတာ။ အနုပညာသမားသာ ဖြစ်နေကြတာ၊ ဆင်းရဲသူတွေ အများကြီး ရှိပါတယ်”
“ရုပ်ရှင်အစည်းအရုံးက ဆန်တွေ၊ ဆီတွေ လှူတော့ တော်တော် အဆင်ပြေတာပါ။ အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။ ကိုယ့်အနုပညာသမားတွေကို ပံ့ပိုးကူညီပေးနေတဲ့သူတွေကို ကျေးဇူးလည်း တင်တယ်”လို့ မောင်မောင်မျိုးသန့်က ပြောပါတယ်။
အသက်အရွယ် ရလာတာကြောင့် အိုပယ်တွေလို ဖြစ်လာပြီလို့ မောင်မောင်မျိုးသန့်က ဆိုပြီး နောက်ပိုင်းလူငယ်တွေက ကြိုးစားကြသလို ထိုးဖောက်နိုင်ကြတယ်လို့ ဆိုပါတယ်။
“ကျနော် အသက်လေးလည်း ရပြီဆိုတော့ တချိန်တုန်းက ဘယ်လောက်နေရာ ရခဲ့ရခဲ့ ကိုယ့်နေရာကို အစားထိုး ဝင်ရောက်လာတဲ့ လူငယ်ပိုင်းတွေ အများကြီး ပေါ်ပေါက်လာပြီ။ တော်လည်း တော်ကြတယ်။ ထိုးလည်း ထိုးဖောက်နိုင်ကြတယ်။ ကြိုးလည်း ကြိုးစားကြတယ်။ ကိုယ်လည်း ရသင့်ရထိုက်တဲ့ နေရာလေးတွေ ရကြတယ်။ ကျနော်တို့ လူဟောင်းတွေက ဖယ်ပေးရမှာပဲလေ”
“အချိန်တန် သူတို့နေရာ ရလာကြတော့ ကျနော်တို့က အိုပယ်တွေလို ဖြစ်လာတယ်။ လုပ်တာက လုပ်ချင်စိတ် ရှိပေမယ့် ခေါ်ချင်တဲ့သူကလည်း ကိုယ်နဲ့ ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး ဒီဇာတ်လမ်းနဲ့ ပတ်သက်လို့ ဝိတ်အင်အားတွေ အများကြီး လိုချင်ကြတယ်။ ဘယ်မှာပဲ ပေါ်ပြုလာ ဖြစ်လာတဲ့သူတွေကို သူတို့တွေက ကမ်းလှမ်းကြတယ်”လို့ မောင်မောင်မျိုးသန့်က ပြောပါတယ်။
ဆက်ပြီး “သူတို့ နာမည်ဝိတ်တွေကိုလည်း ဒီဇာတ်ကားမှာ လိုချင်တာ ဖြစ်တာကြောင့် သူတို့တွေနဲ့ ရိုက်ကြတယ်။ နိုင်ငံခြားက ရိုက်ကြတာမျိုးတွေ ရှိတော့ ကျနော်တို့က တဖြည်းဖြည်း ဘေးရောက်လာကြတယ်။ အဲ့တော့ ကျနော်တို့မှာ လုပ်စားစရာ မရှိတော့ဘူး”လို့ ဆိုပါတယ်။
ဇာတ်ကားတွေ ရိုက်ကူးဖို့လည်း မျှော်လင့်နေသေးတယ်လို့ မောင်မောင်မျိုးသန့်က ဆိုပါတယ်။
“ကျနော်တို့ကို Channel တွေက ခေါ်ရိုက်ပေမယ့် Daily ပဲ ရိုက်ရတာပေါ့။ အရင်လို ကန်ထရိုက်ပေးရိုက်တာ မဟုတ်တော့ဘူးပေါ့။ အလုပ်လေး လုပ်နေရတယ်ဆိုတဲ့ ဂုဏ်ပဲ ရှိတာပေါ့။ တော်တော်လေးတော့ ချို့ချို့တဲ့တဲ့နဲ့ ကိုယ့်ကို အလုပ်ပေးများ ပေးမလားလို့ လာမယ့် အလုပ်ကို မျှော်လင့်နေတုန်းပါပဲ။ အခုကာလမှာ အကုန်လုံးက ကျပ်တည်းနေကြတာဆိုတော့ ရိုက်ရဖို့တော့ မျှော်လင့်နေပါသေးတယ်”လို့ ပြောပါတယ်။
သရုပ်ဆောင် မောင်မောင်မျိုးသန့်ကတော့ ယခင်ကတည်းက ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ပို့၊ ဇာတ်ရံ တဦးအနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
You may also like these stories:
“အသက်ကြီးလာလို့ တခြားအလုပ်လုပ်ဖို့ မစဉ်းစားတော့ဘူး”လို့ မလုံးတင် ပြော
အနုပညာသက် ၆၀ ကျော်ပေမယ့် အကယ်ဒမီ မရသေးတဲ့ ဒေါ်စန်းစန်းဝင်း
“အနုပညာအလုပ်က အသက်ကြီးရင် အာမခံချက် မရှိဘူး”