ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နေထိုင်မှု ဘဝပုံစံတွေ ပြောင်းလဲလာခဲ့ကြသလို၊ ဒီအခြေအနေအတွင်းမှာ ပုံမှန်လုပ်နေကျ အရာတွေကနေ ကွဲထွက်ပြီး ဆန်းသစ်တဲ့ အရာတွေနဲ့လည်း ထိတွေ့လာခဲ့ကြရပါတယ်။
ကိုဗစ်အလွန် ပြောင်းလဲလာတဲ့ လူမှုပုံစံတွေထဲက တခုကတော့ ကမ္ဘာပေါ်မှာ ပရိသတ်တွေ အများဆုံးကို ဖမ်းစားထားနိုင်တဲ့ အနုပညာ နယ်ပယ်ကလည်း သူတို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ကန့်သတ်ချက်တွေကြားကနေ အိမ်ထဲအရောက် ဖျော်ဖြေ တင်ဆက်မှုတွေ ပြုလုပ်လာကြပါပြီ။
တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းအေဂျင်စီဖြစ်တဲ့ SM နဲ့ Naver တို့ပူးပေါင်းပြီး Live video streaming service တခုဖြစ်တဲ့ V Live ကနေတဆင့် ပထမဆုံးအကြိမ် အခပေး Online Concert (အွန်လိုင်း ဖျော်ဖြေပွဲ) ကို ဧပြီလ အတွင်းက ပြုလုပ်ခဲ့ပါတယ်။
SM ရဲ့ “Beyond Live” ခေါင်းစဉ်အောက်ကနေ Super M အဖွဲ့ ဖျော်ဖြေပွဲကို နိုင်ငံတကာ ပရိသတ်ပေါင်း ၇ သောင်းခွဲကျော် V Live ကတဆင့် ကြည့်ရှု အားပေးခဲ့ကြပါတယ်။ နိုင်ငံ တနိုင်ငံနဲ့တနိုင်ငံ ခရီးသွားလာခွင့်တွေ ကန့်သတ်ထားချိန်မှာ အခုလို အွန်ုလိုင်းကတဆင့် ကြည့်ရှု ခံစားနိုင်မယ့် ဖျော်ဖြေပွဲတွေဟာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ရခဲ့ပါတယ်။
ဧပြီလ ၂၆ ရက်က ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲကို ရုပ်လုံးကြွ 3D ပုံရိပ်တွေနဲ့ မြင်တွေ့ခဲ့ရသလို ပရိသတ်တွေကလည်း အနုပညာရှင်တွေနဲ့အတူ Comment ကတဆင့် အချိန်နဲ့ တပြေးညီ တချိန်တည်းမှာပဲ စကားတွေ အပြန်အလှန် ပြောဆိုခွင့် ရခဲ့ပါတယ်။
၂ နာရီကြာမြင့်တဲ့ Super M ဖျော်ဖြေပွဲကို နိုင်ငံပေါင်း ၁၀၉ နိုင်ငံက ပရိသတ် ၇ သောင်းခွဲကျော်ကြည့်ရှုခဲ့ကြပြီး လက်မှတ် ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၇ (တောင်ကိုရီးယားဝမ် ၃၃,၀၀၀) ကျသင့်ပါတယ်။
SM ကနေ ပထမဆုံးအကြိမ် စတင်ခဲ့တဲ့ Online live streaming ဖျော်ဖြေပွဲနောက်ပိုင်း နာမည်ကျော် K-pop အဖွဲ့ ဖြစ်တဲ့ BTS ကလည်း ဇွန် ၁၄ ရက်မှာ “Bang Bang Con: The Live” ကို Online live concert အနေနဲ့ ဖျော်ဖြေသွားခဲ့ပါတယ်။
SM ကနေ နောက်ထပ် NCT 127, TVXQ နဲ့ Super Junior အဖွဲ့တွေရဲ့ ဖျော်ဖြေပွဲကိုလည်း ဆက်လက်ကျင်းပပေးခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံက စတင်အခြေပြုခဲ့တဲ့ Online live concert တွေရဲ့ အကျိုးဆက်ကြောင့် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံထုတ်လွှင့်ရေး အေဂျင်စီတခုဖြစ်တဲ့ GMM tv က လည်း သူတို့ရဲ့ နာမည်ကျော် ထိုင်းအနုပညာရှင်တွေနဲ့ Global Live Fanmeeting ကျင်းပခဲ့ပါတယ်။
အနုပညာရှင်တွေဟာ သူတို့ရဲ့ ကမ္ဘာတဝှမ်းက ပရိသတ်တွေကို Zoom နဲ့ V Live တို့ကတဆင့် အပြန်အလှန် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ပရိသတ်တွေထဲကမှ Lucky fan တွေကို ရွေးပြီး အနုပညာရှင်တွေနဲ့ အပြန်အလှန် စကားပြောခွင့်တွေပါ ရခဲ့ကြပါတယ်။ V Live ကတဆင့် ကြည့်ရှုသူတွေဟာ ၁၅၀၀ V coins (ထိုင်းဘတ်ငွေ ၉၀၀) ရှိရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်လည်း အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဧပြီလအတွင်းမှာ သူ နှစ်စဉ် ကျင်းပနေကျ Birthday Show ကို အွန်လိုင်းကနေ ပြုလုပ်ခဲ့ပြီး အဲဒီ ဖျော်ဖြေပွဲကတဆင့် ရတဲ့ အလှူငွေများကိုလည်း COVID-19 ကုသရေး လုပ်ငန်းစဉ်တွေမှာ ပြန်လည် လှူဒါန်းခဲ့ပါတယ်။
Ref: South China Morning Post