မကြာခင် အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်လာခဲ့ရင် ရောဂါအခြေအနေတွေ မတည်ငြိမ်သေးတာကြောင့် မိဘများက သားသမီးများကို ကျောင်းပို့ရမှာ စိုးရိမ်နေကြပါတယ်။ အဆိုတော် နီတာကလည်း ဒီလိုကာလမှာ သမီးတွေ ကျောင်းတက်ရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
“ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတော့ ကျောင်းတွေက ဘယ်လို ပုံစံ လုပ်မလဲဆိုတာတော့ မသိသေးဘူး။ သမီးတွေ တက်တဲ့ကျောင်းကလည်း ဆက်သွယ်တာတော့ မရှိသေးဘူး။ သမီးကြီးက ES4E မှာ တက်တယ်။ သမီးငယ်လေးကတော့ သာကေတထဲက အောင်ကောင်းကျော် အိမ်ရာမှာဖွင့်တဲ့ GYS မှာ တက်ပါတယ်။ သမီးတွေ ကျောင်းပြန်တက်ရမှာကိုတော့ စိုးရိမ်မှု ရှိပါတယ်”
“ကလေးတွေ ငယ်သေးတော့ အရမ်းနုနယ်သေးတယ်။ ခံနိုင်ရည်လည်း လူကြီးတွေလောက် မရှိဘူးဆိုတော့ အဲ့အတွက်ကြောင့် စိတ်ပူတဲ့အပိုင်းတော့ အများကြီး ရှိပါတယ်။ ကျောင်းတက်ရတော့မယ် ဆိုရင်လည်း ဘယ်လိုပုံစံနဲ့ တက်ရမယ်၊ သူတို့အတွက် ဘယ်လောက် လုံခြုံစိတ်ချရတယ်ဆိုတာကို ကြည့်ပြီး ကျောင်းပေးတက်ဖို့ ဆုံးဖြတ်ရမှာပါ။ ကျောင်းတနှစ် မတက်ဖို့ ဆိုတာလည်း အခြေအနေပေါ်မူတည်ပြီးမှပဲ ဆုံးဖြတ်မှာပါ”အဆိုတော် နီတာက ပြောပါတယ်။
ဆက်ပြီး နီတာက ဘယ်မိဘပဲဖြစ်ဖြစ် ဒီအချိန်မှာ အားလုံးက စိုးရိမ်နေကြတာမို့ အတတ်နိုင်ဆုံး ကာကွယ်ကြရမယ်လို့ ဆိုပါတယ်။
“ဘယ်ကလေးပဲဖြစ်ဖြစ်၊ ဘယ်ကလေးမိဘပဲဖြစ်ဖြစ် အကုန်လုံးကလည်း စိုးရိမ်မှုရှိကြမှာပါ။ ရောဂါက ကုသပေးဖို့လည်း ဆေးမရှိသေးဘူး။ အတတ်နိုင်ဆုံးတော့ ကာကွယ်ရမှာပဲ။ ကျနော် Positive ဖြစ်ချိန်တုန်းက ကလေးတွေ တယောက်မှ မကူးခဲ့တော့ ကလေးတွေက ရာခိုင်းနှုန်းအရဆိုရင် ကူးနိုင်ခြေ နည်းပါတယ်”
“ဒါပေမဲ့ ကလေးတွေက ပါးစပ်နဲ့ နှာခေါင်းတွေ နှိုက်တာတို့က အမြဲလုပ်တတ်တဲ့ အကျင့်ရှိကြတော့ အဲ့တာတော့ စိုးရိမ်စရာ ရှိတယ်။ ကလေးတွေ အများကြီးနဲ့ ဆော့ကြပြုကြ ဆိုတော့ စိးရိမ်စရာတော့ ရှိတယ်။ ကျောင်းတွေကလည်း ဘယ်လိုပုံစံနဲ့ သူတို့လုပ်မလဲ ဆိုတဲ့အပေါ် မူတည်ပြီး လိုက်နာဖို့နဲ့ အန္တရာယ်ကင်းဖို့ လုပ်ရမှာပေါ့”လို့ နီတာက ပြောပါတယ်။
ကိုဗစ် ဖြစ်နေချိန်မှာ သမီးတွေကို အချိန်ပေးဖြစ်အောင် ကြိုးစားတယ်လို့ နီတာက ဆိုပါတယ်။
“အခု သမီးလေးတွေနဲ့ ကျောင်းမဖွင့်သေးတော့ ကိုဗစ်ကာလလေးမှာ အချိန်တွေ ပေးဖြစ်တယ်။ သူတို့ပျော်အောင် ထားတယ်။ သူတို့ စားချင်တာ လိုက်ကျွေးတယ်။ သူတို့က ဂီတကို ဝါသနာပါတော့ သူတို့ကို ဂီတနဲ့ ပတ်သက်တာတွေ ပြောပြဖြစ်သလို သင်ပေးတယ်။ စတူဒီယိုခန်းထဲမှာ သူတို့ကလည်း ပျော်တယ်။ အခုတော့ သမီးတွေကို အချိန် အများကြီး ပေးနိုင်အောင် ကြိုးစားပါတယ်”လို့ နီတာက ပြောပါတယ်။
အဆိုတော် နီတာမှာတော့ သမီးနှစ်ယောက်ရှိပြီး သာယာတဲ့ မိသားစုကို ပိုင်ဆိုင်ထားပါတယ်။ နီတာဟာ မိသားစု စီးပွားရေးလုပ်ငန်း အနေနဲ့ “Honey 7” တံဆိပ် ကြက်အူချောင်း၊ ဝက်အူချောင်းတွေလည်း ရောင်းချနေပါတယ်။