Entertainment

ကိုဗစ်ကာလမှာ စိတ်မလေအောင် အစားအသောက်တွေ ချက်ရောင်းတဲ့ ပွင့်

Want create site? Find Free WordPress Themes and plugins.

COVID-19 ကာလမှာ အနုပညာလုပ်ငန်းတွေ မလုပ်ရသေးတာကြောင့် စိတ်မလေအောင် စီးပွားရေးအနေနဲ့ ဟင်းချက် ရောင်းချနေတယ်လို့ သရုပ်ဆောင် ပွင့်က ဧရာဝတီကို ပြောပါတယ်။

“Stay home ကာလမှာ ဟင်းတွေ ချက်ရောင်းဖြစ်တယ်။ ပထမ လူနာတွေ့တာ များတုန်းက ကိုယ်တိုင်လည်း အရမ်းတုန်လှုပ်တော့ ဘာမှမလုပ်ဘဲ အိမ်ထဲမှာပဲ ဘုရားတရား ပိုလုပ်ဖြစ်တယ်။ လုပ်ငန်းတွေ နည်းနည်း ပြန်ပွင့်လာတော့ အိမ်မှာနေတာ စိတ်လေလာတယ်”

“စိတ်တွေ မလေအောင်လို့ ကိုယ်ဝါသနာပါရာ အလုပ်လေးလုပ်ရင်တော့ စိတ်မလေဘူးဆိုပြီး ပြီးခဲ့တဲ့ လကုန်လောက်ကစပြီး တပတ်ကို ၂ ရက် ဟင်းလေးတွေ ချက်ပြီး ရောင်းဖြစ်တယ်။ ရောင်းတာတော့ မနှစ်ကတည်းက ရောင်းနေတာပါ”လို့ ပွင့်က ပြောပါတယ်။

“မှာတဲ့သူတွေက နေ့တိုင်းကို စားချင်နေတာ။ ကိုယ်တိုင်က နေ့တိုင်း မလုပ်နိုင်ဘူး။ တယောက်တည်း သန့်သန့်ရှင်းရှင်း လုပ်တာဆိုတော့ တနိုင်ပဲ လုပ်တယ်။ ရောင်းတာတော့ အကုန်ရောင်းတယ်။ မုန့်ဟင်းခါး၊ ကြက်ကောက်ညှင်း၊ ကက်ကြေးကိုက်၊ ကြက်သားပလာတာ၊ နို့စိမ်းခေါက်ဆွဲ၊ နန်းကြီးသုပ်၊ ငချိတ်ပေါင်း၊ ဟင်းတွေရော မုန့်တွေရော အစုံရောင်းတယ်။ သန့်ရှင်းမှုပိုင်းရော၊ စေတနာရော ထည့်ချက်ပါတယ်။ နောက်က ကွာလတီကောင်းတဲ့ ပစ္စည်းတွေပဲ သုံးပါတယ်”လို့ ပွင့်က ပြောပါတယ်။

သရုပ်ဆောင် ပွင့်ကတော့ “အချစ်မြို့သူ” လို့ နာမည်ပေးပြီး အစားအသောက်တွေ ရောင်းချပေမယ့် သူနဲ့ တွဲမမြင်ကြတာကြောင့် “ဘေဘီပွင့်” လို့ နာမည်ပြောင်းဖို့ ရှိကြောင်းလည်း အခုလို ဆိုပါတယ်။

“အချစ်မြို့သူလို့ နာမည် ပေးဖြစ်တာက လူတိုင်းက အချစ်နဲ့ မကင်းကြဘူးလေ။ အဲ့အတွက် အချစ်မြို့သူလို့ ပေးတာ။ ဒါပေမဲ့ စားသုံးတဲ့ မိတ်ဆွေတွေ၊ စားနေကျသူကသာ ပွင့်နဲ့ အချစ်မြို့သူကို တွဲသိတာ တခြားသူတွေက ပွင့်နဲ့ တွဲမမြင်ဘူး။ ဘေဘီပွင့်လို့ ပေးပါလို့ ပြောနေကြတယ်။ ဒီရက်ထဲမှာတော့ ပြန်စဉ်းစားတယ်။ “ဘေဘီပွင့် Online Food” ဆိုပြီး ပြန်ပြောင်းဖို့တော့ လုပ်နေတယ်။ လောလောဆယ်တော့ အချစ်မြို့သူနာမည်နဲ့ သွားနေတယ်”လို့ ပွင့်က ပြောပါတယ်။

ဆက်လက်ပြီး ပွင့်က အခုလို အချက်အပြုတ် လုပ်တာဟာ ပေါ်ပင်လုပ်တာ မဟုတ်ဘဲ ဝါသနာအရ ကိုယ်တိုင် အစားအသောက်ပုံတွေ တင်ရင်း ရောင်းချဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

“ပွင့်က မနှစ်ကတည်းက ဒီချက်ပြုတ်တာကို လုပ်နေတာ ပေါ်ပင်လုပ်တာလည်း မဟုတ်ဘူး။ ဝါသနာလည်း ပါတယ်။ ကိုယ်တိုင်က အစားအသောက်တွေ လုပ်စားရင် ပုံတွေ တင်တော့ တော်တော်များများကလည်း စားချင်တယ်။ သူငယ်ချင်းတွေကို ခေါ်ကျွေးတော့လည်း အလကားစားရတာ အားနာတယ်၊ ရောင်းပါဆိုတာနဲ့ စရောင်းလိုက်တာကနေ အခုချိန်ထိ ရောင်းဖြစ်သွားတာပါ။ အားပေးကြလို့ အရမ်းပျော်တယ်။ ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီး ထိတွေ့ခံစားရတာကြောင့် ပျော်တယ်”လို့ ပွင့်က ဆိုပါတယ်။

ဟာသ သရုပ်ဆောင် ပွင့်ကတော့ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး “ဘေဘီပွင့်” ဆိုတဲ့ တေးစီးရီးလည်း ထွက်ရှိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading