မင်းသားကြီး Tom Hanks ဟာ သူ့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် “Greyhound” ရုပ်ရှင်ကို ရုံတင်ပြသမှာ မဟုတ်ဘဲ Apple TV+ ကနေပဲ ပြသမှာဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်နေတယ်လို့ သိရပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ခံ အဲ့ဒီရုပ်ရှင်မှာ မင်းသားကြီး Hanks ဟာ အတ္တလန္တိတ်ဒေသ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး Ernest Krause အဖြစ် သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာ သူဟာ နာဇီတွေရဲ့ ရေငုပ်သင်္ဘော တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံရမှာလည်း ဖြစ်ပါတယ်။
“Greyhound” ရုပ်ရှင်ရုံတင်ဖို့ ခရီးလမ်းကတော်တော်လေးကို ရှည်ကြာခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မတ်လမှာ ကတည်းက ရုံတင်ဖို့လုပ်ခဲ့ပေမယ့် Sony ကုမ္ပဏီက အဲ့ဒီရုပ်ရှင်ကို ၂၀၂၀ ပြည့်နှစ်၊ မေလအထိ ရွှေ့ဆိုင်းခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ် ရုံတင်ပြသရမယ့်အချိန်မှာ COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် အဲ့ဒီရုပ်ရှင်ကို Apple TV+ ကနေပဲ ထုတ်လွှင့်ပြသတော့မယ်လို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
အခုတော့ အဲ့ဒီရုပ်ရှင်ကို ရုပ်ရှင်ရုံတွေမှာ မဟုတ်ဘဲ အွန်လိုင်း Streaming ဝက်ဘ်ဆိုက်ကနေ လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့ကနေစလို့ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။
အခု “Greyhound” ရုပ်ရှင်ကတော့ ရုံတင်ပြသဖို့ကနေ Streaming ကနေပဲ ပြဖို့ ပြောင်းလဲလိုက်တဲ့ ရုပ်ရှင်တွေထဲက တခုဖြစ်ပါတယ်။ Universal ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Trolls World Tour” ရုပ်ရှင်ဟာလည်း “Scoob!” ၊ “The King Staten Island” ရုပ်ရှင်နဲ့ “Artemis Fowl” ရုပ်ရှင်တွေလိုပဲ ရုံတင်မပြသတော့ဘဲ Streaming Service တွေကနေပဲ ပြသတော့မှာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်းမှာ ရွှေ့ဆိုင်းထားရတဲ့ ရုပ်ရှင်အများစုဟာလည်း ရုံတင်ခွင့်ရဖို့ စောင့်ဆိုင်းနေကြပြီး ရုပ်ရှင်ရုံ လုပ်ငန်းအများစုကတော့ သူတို့ရဲ့ ရုပ်ရှင်ရုံတွေကို ပြန်လည် ဖွင့်လှစ်တာမျိုး မရှိသေးပါဘူး။ အဲ့ဒီအချက်က စတူဒီယိုတွေကို အကျပ်တွေ့စေပါတယ်။
COVID -19 ကူးစက်ခံခဲ့ရတဲ့ နာမည်ကျော်ကြားသူတွေမှာ တဦးအပါအဝင်ဖြစ်တဲ့ မင်းသားကြီး Hanks ဟာ ဂါးဒီးယန်း သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ “Greyhound” ရုပ်ရှင်အကြောင်း ပြောဆိုခဲ့ပါတယ်။ အခုလိုမျိုး ရုပ်ရှင်အတွက် အပြောင်းအလဲတွေဖြစ်ရလို့ စိတ်မကောင်းဖြစ်ရတယ်လို့ သူက ဆိုပါတယ်။
မင်းသားကြီးက “လုံးဝကို စိတ်ထိခိုက်ရပါတယ်။ Apple နဲ့ပတ်သက်ပြီး ကျနော် စိတ်ဆိုးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရုပ်နဲ့ အသံပိုင်း အရည်အသွေးမှာတော့ ကွာခြားချက် ရှိပါတယ်” လို့ ဆိုပါတယ်။ “Greyhound” ရုပ်ရှင်မှာ မင်းသားကြီးဟာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတဲ့အပြင် ဇာတ်ညွှန်းပါ ရေးသားပေးထားပါတယ်။
ရုပ်ရှင်တကားကို တီဗီနဲ့ လက်ပ်တော့ကနေ ကြည့်ရတာနဲ့ ရုပ်ရှင်ရုံတခုရဲ့ ပိတ်ကားထက်မှာ ကြည့်ရှုရတာ ကွာခြားမှု ရှိတယ်ဆိုတာ ပရိသတ်တွေက နားလည်ထားကြပါတယ်။ ဒါကြောင့်လည်း Christopher Nolan နဲ့ Patty Jenkins တို့လို ဒါရိုက်တာတွေက သူတို့ရဲ့ ရုပ်ရှင်တွေဖြစ်ကြတဲ့ “Tenet” နဲ့ “Wonder Woman 1984” တို့လို ရုပ်ရှင်တွေကို ရုပ်ရှင်ရုံတွေမှာပဲ ပြသဖို့ စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။
Ref: screenrant
You may also like these stories:
ဟောလိဝုဒ်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Son Ye-jin
စားဝတ်နေရေးအတွက် အွန်လိုင်းမှာ ဆန်ရောင်းနေတဲ့ လူရွှင်တော် ကံပွင့်
ဖခင်ရဲ့အသက် အချိန်မီ ကယ်နိုင်ဖို့ ကြိုးစားခွင့်ရခဲ့တဲ့ ထက်ထက်မိုးဦး