သရုပ်ဆောင် အောင်ရေချမ်းကတော့ ယနေ့ ဇူလိုင် ၇ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့အလှူအဖြစ် ရန်ကုန်မြို့၊ အရှေ့ဒဂုံမှာ ရှိတဲ့ တိက္ခာရာမ သီလရှင်စာသင်တိုက်နှင့် သီလရှင်သင်ပညာရေး ကျောင်းမှာ လှူဒါန်းဖြစ်တာနဲ့ ပက်သက်ပြီး အခုလိုပဲ ဆိုပါတယ်။
“ကျနော့် မွေးနေ့အတွက် ဘာတွေလုပ်ရမလဲ အိမ်နဲ့ တိုင်ပင်တယ်။ အလှူရှင် နည်းတဲ့ ကျောင်းတွေကို လှူချင်တယ်။ နောက် ဆရာလေးတွေကို လှူတာ နည်းတော့ ဆရာလေးတွေ လှူကြမယ်ဆိုပြီး လှူဖြစ်သွားတာပါ။ ကိုဗစ်ကာလကလည်း အကျပ်အတည်း ကာလပါပဲ။ မွေးနေ့မှာ ကုသိုလ်လည်း ဖြစ်ချင်တယ်။ ကိုယ်တိုင်က မွေးနေ့ကို အမှတ်တရ ဖြစ်ချင်တယ်။ အရင်တုန်းကဆိုရင် မွေးနေ့တွေ မလုပ်ဘူး။ မွေးနေ့ဆို မိဘတွေနဲ့ ဘုရားသွားတယ် အိမ်မှာ နေတာပဲ များတယ်”
“မနှစ်ကလည်း ပရိသတ်တွေ လုပ်ပေးတဲ့ မွေးနေ့ သွားတယ်။ ဒီနှစ်တော့ ပရိသတ်တွေကို ဖိတ်ပြီး မွေးနေ့ လုပ်မယ်ပေါ့။ ကိုဗစ်ကာလ ဖြစ်သွားတော့ မဖိတ်တော့ဘူး။ အားနာလို့ လူလေးတော့ ခွဲပြီး ဖိတ်ထားတယ်။ ကိုဗစ်ပြီးရင်တော့ မွေးနေ့ ပြန်လုပ်ဖို့ မရှိတော့ဘူး။ Fan meeting တော့ ပြန်လုပ်မယ်။ အရင်က တခါလုပ်ဖူးတယ်။ ကိုဗစ်ပြီးသွားရင်တော့ ပျော်စရာ ပွဲတွေ လာမှာပါ”လို့ အောင်ရေချမ်းက ပြောပါတယ်။
မွေးနေ့မှာ လက်ဆောင်တွေ ပေးကြတဲ့အတွက် ကျေးဇူးတင်တယ်လို့ဆိုပြီး အောင်ရေချမ်းက အသက်ရှင်နေသရွေ့ အနုပညာတွေ ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။
“ကျနော့် မွေးနေ့အတွက် လက်ဆောင်တွေလည်း ပေးကြပါတယ်။ ဘာလေးပဲဖြစ်ဖြစ် ကျနော့်အတွက်ကတော့ အထူးခြားဆုံး လက်ဆောင်တွေပါပဲ။ အသက်တနှစ်ကြီးမှ ရယ်တော့ မဟုတ်ပါဘူး။ ပြင်ဆင်မှုကတော့ အမြဲတမ်းလုပ်နေရတာပဲ။ ငါအသက်တနှစ်ကြီးမှ ပြင်ဆင်မယ်လို့တော့ မဟုတ်ပါဘူး။ ကျနော်က မပြည့်စုံပါဘူး။ ကျနော့်မိဘကို ကျနော် ပြည့်စုံတဲ့အရာလေး ထားချင်တယ်။ ထားနိုင်တဲ့အချိန်ကျရင်လည်း ပြောပြမှာပါ”
“ကိုဗစ်ကာလမှာ နားနေချိန်ရတယ်။ ပြင်ဆင်ခွင့်ရတယ်။ အရင်က အလုပ်တွေ ဆက်နေတာ အခုလို နားလိုက်ချိန်မှာ ကျနော် လုပ်ခဲ့တာတွေ၊ မှားနေတာတွေ ပြုပြင်ဖို့တွေ ကျနော် အများကြီး လေ့လာတယ်။ ပြင်ဆင်နေပါတယ်။ မွေးနေ့မှာ ဆုတောင်းပေးကြတဲ့သူတွေရော၊ လာရောက် ပေးကြတဲ့သူတွေရော အရမ်းကျေးဇူးတင်ပါတယ်။ ကျနော် အသက်ရှင်သရွေ့ အနုပညာတွေ ကြိုးစားသွားမယ်”လို့ အောင်ရေချမ်းက ပြောပါတယ်။
အောင်ရေချမ်းက ဇာတ်လမ်းတွဲတွေ မပေါ်ခင်ကတည်းက အနုပညာအလုပ်တွေ လုပ်ကိုင်လာတာဖြစ်ပြီး “ပျားရည်အိုင်” ဇာတ်လမ်းတွဲနဲ့ လူသိများလာခဲ့သူလည်း ဖြစ်ပါတယ်။
You may also like these stories:
“Greyhound” ရုပ်ရှင်အတွက် Tom Hanks စိတ်မကောင်းဖြစ်နေ
ဟောလိဝုဒ်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Son Ye-jin
ဖခင်ရဲ့အသက် အချိန်မီ ကယ်နိုင်ဖို့ ကြိုးစားခွင့်ရခဲ့တဲ့ ထက်ထက်မိုးဦး