Entertainment

အနုပညာကြေးမယူဘဲ ဂဠုန်ဦးစောနေရာက သရုပ်ဆောင်မယ့် ကိုဥက္ကာကျော်

Want create site? Find Free WordPress Themes and plugins.

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားမှာ ဂဠုန်ဦးစော ဇာတ်ရုပ်အတွက် ပါဝင်သွားမယ့် ကိုဥက္ကာကျော်ဟာ ဒီဇာတ်ကားမှာ အနုပညာကြေး မယူဘဲ မေတ္တာနဲ့ သရုပ်ဆောင်သွားမယ်လို့ မီဒီယာတွေကို ပြောပါတယ်။

“ဂဠုန်ဦးစော ကာရိုက်တာကို လျှောက်ကြတဲ့သူတွေ အများကြီးထဲမှာမှ ကျနော်က အတူဆုံးဖြစ်နေတယ်။ ရွေးချယ်ခံရတာ သိသိချင်း အရမ်းပျော်သွားတယ်။ ကျနော်က ရုပ်တူတဲ့အတွက်ကြောင့်ပါ။ ကျနော်လည်း အရင်က သိလည်းမသိခဲ့ဘူး။ ဒီနေရာအတွက် လူခေါ်တဲ့ ပို့စ်မှာ ကျနော့်ကို Mention တွေ ခေါ်ကြတယ်။ နောက်တယ် ထင်နေတာ။ တူတယ်ဆိုတော့လည်း စိတ်ဝင်စားပြီး လျှောက်လွှာတင်ခဲ့တယ်”

“ကျနော် အလှူသဘောမျိုးလေး ဖြစ်အောင် လုပ်ချင်တာ။ လုပ်မယ်ဆိုရင် အကောင်းဆုံးဖြစ်အောင် ကျနော် လုပ်မယ်။ အနုပညာကြေးနဲ့ ပတ်သက်လို့လည်း ကျနော် စပြီး ပို့စ်တင်ကတည်းက မေတ္တာနဲ့ လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါကလည်း ကျနော့်အတွက် ထူးဆန်းတဲ့ အလှူတခုလို့ သဘောထား ပြီးတော့ တထောင့်တနေရာက လုပ်ပေးခြင်း ဖြစ်ပါတယ်”လို့ ကိုဥက္ကာကျော်က ပြောပါတယ်။

ကိုဥက္ကာကျော်ဟာ ဂဠုန်ဦးစောရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လို လေ့လာထားလဲဆိုတာကိုလည်း အခုလို ပြောပြပါတယ်။

“ကာရိုက်တာအတွက် အထွေအထူးတော့ ပြင်ဆင်မှု မရှိပါဘူး။ ကျနော် သဘာဝပုံစံကို သဘောကျလို့ ပြင်ဆင်မှု မလုပ်ခဲ့ဘူး။ တလလုံး ဆံပင်မညှပ်ခဲ့ဘူး။ ဦးစောက ဆံပင်နောက်ပြန် ဖီးတော့ ကျနော် ဆံပင်လည်း သူတို့ လုပ်လို့ရအောင် ဘာမှ မလုပ်ခဲ့တာပါ။ ကျနော့်ကို ပြင်ဆင်ကြည့်တော့ ကျနော်နဲ့ တူတယ်။ ဦးစောရဲ့ အကြောင်းကို You Tube ကနေ တဆင့် ရှာကြည့်တယ်”

“ကိုဇော်ဇော်ပိုင်က ဖုန်းတွေဆက်ပြီး ငါ့အစ်ကိုဆို တကယ်ဖြစ်မှာ အားပေးတယ်။ ငါ့အစ်ကိုကြီး လုပ်ပေါ့။ သူနဲ့လည်း စကားတွေ ပြောဖြစ်တယ်၊ အိမ်လည်း သွားလည် ဖြစ်တယ်။ ပြီးတော့ ဦးစောရဲ့ ဓာတ်ပုံတွေပြတယ်။ သူ့ရဲ့ အကြောင်းတွေကို မြေးဖြစ်တဲ့ ကိုဇော်ဇော်ပိုင်ရဲ့ အမေက ရှင်းပြပေးခဲ့ပါတယ်။ တကယ်လို့ ဇာတ်ညွှန်းလည်း ရခဲ့မယ် ဆိုရင် ကျနော် ကြိုပြီးတော့ လေ့ကျင့်ထားလို့ ရပါတယ်”လို့ ကိုဥက္ကာကျော်က ပြောပါတယ်။

နောက်ထပ် ဇာတ်ကားတွေ ကမ်းလှမ်းလာရင်လက်ခံဖြစ်မှာ မဟုတ်ဘူးလို့ဆိုပြီး ကိုဥက္ကာကျော်က ဂဠုန်ဦးစော ကာရိုက်တာနဲ့ ပတ်သက်ပြီး မိသားစုဆီကို Feedback ပြန်လာမှာ မကြောက်ဘူးလို့ဆိုပါတယ်။

“နောက်ထပ် ဇာတ်ကားတွေ ကမ်းလှမ်းခဲ့ရင်တော့ လက်ခံဖြစ်မယ် မထင်တော့ပါဘူး။ ကျနော်ဇာတ်ကား ရိုက်တာလည်း ဒီကားအတွက်ပဲ လုပ်တာပါ။ ဂဠုန်ဦးစော ကာရိုက်တာနဲ့ ပတ်သက်ပြီး မိသားစုဆီကို Feedback ပြန်လာမှာ မကြောက်ပါဘူး”

“ ကျနော်တို့ အိမ်ထောင် စကျကတည်းက အမျိုးစုံ ဝေဖန်ခံခဲ့ရတယ်။ အထွေအထူးတော့ မဟုတ်ပါဘူး။ နည်းနည်းတောင် ရိုးနေပြီ။ ဂဠုန်ဦးစော ကာရိုက်တာမှာ ကျနော့်ရဲ့ အိုက်တင်ပိုင်းက အရမ်းကောင်းသွားလို့ လူတွေ မုန်းခဲ့တယ်ဆိုရင်လည်း ဒါကို ကာရိုက်တာ ပီပြင်လို့ဆိုပြီး ဝမ်းသာမိမှာပါ”လို့ ကိုဥက္ကာကျော်က ပြောပါတယ်။

ကိုဥက္ကာကျော်ကတော့ သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

မွေးနေ့အလှူ လုပ်ဖြစ်ပုံကို ပြောပြတဲ့ အောင်ရေချမ်း

“Greyhound” ရုပ်ရှင်အတွက် Tom Hanks စိတ်မကောင်းဖြစ်နေ

ဟောလိဝုဒ်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Son Ye-jin

Did you find apk for android? You can find new Free Android Games and apps.
Loading