အဆိုတော် Justin Timberlake ဟာ အမေရိကန်နိုင်ငံအတွင်းမှာ ရှိတဲ့ ခွဲထွက်ရေးဝါဒီ ခေါင်းဆောင်တွေရဲ့ ရုပ်တုတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အဆိုတော် Timberlake ဟာ ကျွန်စနစ်တို့ ဆက်လက် ထားရှိဖို့ အမေရိကန်ပြည်တွင်းစစ်မှာ တိုက်ခိုက်ခဲ့ကြတဲ့ ခွဲထွက်ရေးဝါဒီ ခေါင်းဆောင်တွေကို အမှတ်တရအဖြစ် အမေရိကန်နိုင်ငံတဝန်းမှာ ထားရှိတဲ့ ရုပ်တုတွေကို ဖြိုချပေးဖို့ ကမ်ပိန်းကိုလည်း ထောက်ခံနေသူ ဖြစ်ပါတယ်။
သူကြီးပြင်းခဲ့ရာ Tennessee ပြည်နယ်အပါအဝင် တောင်ပိုင်းပြည်နယ်တွေမှာ ပျံ့နှံ့တည်ရှိနေတဲ့ အဲ့ဒီ ရုပ်တုတွေကို ဖယ်ရှားမှုဟာ အမေရိကန်သမိုင်းကို ဖျောက်ဖျက်ပစ်မှာ မဟုတ်ဘဲ နိုင်ငံတွင်းမှာ ရှိတဲ့ လူမည်းတွေအပေါ် လေးစားမှုသင်္ကေတအဖြစ် မှတ်ယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Instagram ပို့စ်မှာ အသက် ၃၉ နှစ်အရွယ် အဆိုတော်က “ကျနော်ဟာ Tennessee ပြည်နယ်ကလာတယ်ဆိုတာ ခင်ဗျားတို့ တော်တော်များများ သိကြမှာပါ။ အဲ့ဒီပြည်နယ်ဟာ ခွဲထွက်ရေးခေါင်းဆောင်တွေရဲ့ ရုပ်တုတွေ တော်တော်များများ ရှိတဲ့နေရာဖြစ်ပါတယ်။ အဲ့ဒီရုပ်တုတွေကို ဘယ်လိုဆက်လုပ်ကြမလဲဆိုတော့ ဆွေးနွေးငြင်းခုံမှုတွေကို ကျနော် အနီးကပ်နားထောင်နေခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီအကြောင်း ကျနော် တမိနစ်လောက် အချိန်ယူ ပြောချင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
သူက “ကျနော်တို့ဟာ အမေရိကန်နိုင်ငံမှာ လူမျိုးရေးကို ဆန့်ကျင်မှုလုပ်မယ်ဆိုရင် ပြည်သူတွေက ကျနော်တို့က အမေရိကန်ကို ဆန့်ကျင်တာဖြစ်တယ်လို့ ယူဆကြတယ်။ ဘာလို့ဒီလိုမျိုး တုံ့ပြန်ရတာလဲ။ အမေရိကန်ဟာ လူမျိုးရေးခွဲခြားမှုကို ယုံကြည်ပြီး အဲ့ဒီကနေ အကျိုးအမြတ်ရနေတဲ့ အမျိုးသားတွေက တည်ဆောက်ထားတာကြောင့်လား။ ရိုးရိုးရှင်းရှင်းလေးပါ။ ဒါဟာ အရင်တုန်းက ခင်ဗျားတို့ကြားခဲ့ရတာတွေပါ။ အခုတော့ အဲ့ဒီဂုဏ်ယူနေကြတဲ့ အမျိုးသားတွေရဲ့ အနှိပ်စက်ခံ လူမည်းတွေကပါ နိုင်ငံတော်အတွက် ဂုဏ်ယူနေကြဆဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အမေရိကန်တလွှားမှာ ခွဲထွက်ရေးခေါင်းဆောင် ရုပ်တုပေါင်း ၂ ထောင်နီးပါးရှိနေဆဲဖြစ်ပြီး အဲ့ဒါကိုလက်မခံနိုင်ဘူးလို့ အဆိုတော် Timberlake က ဆိုပါတယ်။
သူက “အမေရိကန်နိုင်ငံမှာ ခွဲထွက်ရေးခေါင်းဆောင် ရုပ်တုပေါင်း ၁၈၄၈ ခု ရှိပါတယ်။ အဲ့ဒီအထဲက တဝက်လောက်က နိုင်ငံတောင်ပိုင်းမှာပါ။ အဲ့ဒါကို လက်မခံနိုင်ပါဘူး။ ခွဲထွက်ရေး ခေါင်းဆောင်တွေနဲ့ ကျွန်ပိုင်ရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်သူကမှ မကာကွယ်ပေးသင့်ပါဘူး”
“တကယ်လို့ ကျနော်တို့ ရှေ့ဆက်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် အဲ့ဒီရုပ်တုတွေကို ဖြိုလှဲရပါမယ်။ ဒါပေမဲ့ မှတ်ထားရမှာက အဲ့ဒီ ရုပ်တုတွေ ဖယ်ရှားမှုဟာ နိုင်ငံရဲ့ ဖိနှိပ်မှုသမိုင်းကြောင်းကို ဖျက်စီးပစ်မှာ မဟုတ်ပါဘူး။ အဲ့ဒါတွေကို ဖယ်ရှားမှုဟာ အမေရိကန်မှာရှိတဲ့ လူမည်းတွေကို လေးစားမှုသင်္ကေတဖြစ်လာမှာပါ။ တိုးတက်ဖို့နဲ့ တန်းတူညီမျှမှု ရှိဖို့အတွက် ခြေလှမ်းတခုဖြစ်ပါတယ်”လို့ ဆိုပါတယ်။
အဲ့ဒီပို့စ်နဲ့အတူ အဆိုတော်ဟာ ရုပ်တုတွေရဲ့ သမိုင်းကြောင်းကို ရှင်းပြခဲ့ပြီး အဲ့ဒီရုပ်တုတွေအကောင်း ပိုမိုလေ့လာကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
Ref: contactmusic
You may also like these stories:
တွဲဖက် မင်းသမီးနဲ့ လက်ချင်းကိုင်မိလို့ ဇနီးဖြစ်သူကို တောင်းပန်လိုက်တဲ့ Justin Timberlake