COVID-19 ရောဂါ ကူးစက်မှုတွေကြောင့် အနုပညာအလုပ်များ ရပ်နားထားရပြီး ကိုဗစ်ကာလ ပြီးသွားရင်တော့ ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ရှိတယ်လို့ မေမြင့်မိုရ်က ပြောပါတယ်။
“လောလောဆယ်တော့ လက်ခံထားတဲ့ Music Video တွေ၊ ကြော်ငြာတွေတော့ ပြန်ရိုက်နေပြီ။ ကိုဗစ် ပြီးရင် ရုပ်ရှင်တွေ ပြန်ရိုက်ဖို့ ရှိပါတယ်။ ကိုဗစ် မတိုင်ခင်ကတည်းက ပြောထားတာတွေ ရှိတယ်။ အဓိကက စီးရီးပေါ့။ စီးရီးကလည်း ဒီနှစ်ထဲမှာ မရိုက်ရသေးဘူးဆိုတော့ စီးရီး ပြန်ရိုက်ဖို့ ရှိတယ်။ ရိုက်ခွင့်ရလို့ ရိုက်မယ်ဆိုရင် ကိုယ်လည်း ရိုက်မှာပေါ့”လို့ မေမြင့်မိုရ်က ပြောပါတယ်။
ကိုဗစ်လူနာ စတွေ့စဉ် အချိန်က အရမ်းကြောက်ခဲ့ရပြီး အချိန်ကြာလာတာနဲ့အမျှ အသားကျလာပေမယ့် အပြင်သွားရင်တော့ Mask တပ်နေရတုန်းပဲလို့ မေမြင့်ရ်က ဆိုပါတယ်။
“ကိုဗစ် စဖြစ်ဖြစ်ချင်းတုန်းကတော့ အရမ်းကြောက်တယ်။ အချိန်လည်း ကြာလာတယ်။ မြန်မာနိုင်ငံက တခြားနိုင်ငံတွေလိုလည်း မဟုတ်ဘဲ နည်းနည်း ထိန်းချုပ်လို့ရတယ်ဆိုတော့ အပြင်သွားရင် Mask တပ်တာတွေကတော့ လုပ်တုန်းပေါ့”
“ရိုက်ကူးရေးတွေ နားထားရတာပေါ့။ ပွဲတွေပေါ့။ ရိုက်ကူးရေးတွေ စည်းကမ်းတကျလုပ်ရင် ပြန်စလို့ ရရင်တော့ ရိုက်မှာပေါ့။ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတိုင်းလိုက်နာရင်တော့ အကောင်းဆုံးပေါ့”လို့ မေမြင့်မိုရ်က ပြောပါတယ်။
မေမြင့်မိုရ်ကတော့ သူ့ရဲ့ မောင်လေး သျှင်းမြတ်လည်း အနုပညာ အလုပ်တွေ လုပ်နေပြီဖြစ်တဲ့အတွက် အစ်မတယောက်အနေနဲ့ မောင်လေးကို ပိုပြီး စိတ်ပူရတယ်လို့ ဆိုပါတယ်။
“အနုပညာရှင်ဆိုတာကတော့ မောင်လေးမှ မဟုတ်ဘူး။ တိုက်ခိုက် ပြောဆိုခံရတာပဲ။ အချိန်တန်ရင် ပြီးသွားမှာပဲ။ ကိုယ်တိုင် ကြိုးစားနေဖို့ပဲ လိုတယ်။ ဝေဖန်ပြောဆိုတာကို ကိုယ်ကြုံရင် ခံနိုင်တယ်။ မောင်လေးကြုံရရင်တော့ ပိုပြီး စိတ်ပူတယ်။ အဲ့တော့ ကိုယ်က စိတ်ပင်ပန်းတယ်။ အဓိကက အိမ်မှာက ကိုယ်တိုင် ဖြစ်ရင် စိတ်နည်းနည်းဖြေလို့ ရတယ်”
“မောင်လေး တခုခုဖြစ်ရင် အဖေရော အမေ ရောက ကိုယ့်ကို ပြောတော့ Stress တွေ ပိုများတယ်။ အနုပညာလောကမှာပဲဖြစ်ဖြစ်၊ အပြင်လောကမှာပဲဖြစ်ဖြစ် ကိုယ့်ကို မနာလို တိုက်ခိုက်သူတွေကတော့ ရှိမှာပဲ။ ကိုယ့်ဘက်ကတော့ စိတ်ကို အေးအေးဆေးဆေးပဲ ဖြေရတယ်။ စိတ်ညစ်တာတို့၊ စိတ်ပင်ပန်းတာတို့ဆို အရမ်းပူလောင်တယ်”
“ဆရာတော်တွေကိုလည်း လျှောက်တယ်။ တိုက်ခိုက်ခံရတာတို့ စိတ်ညစ်နေတာတို့ဆို ဘယ်လို လုပ်သင့်လဲ။ ဘယ်အရာက အကောင်းဆုံးလဲ မေးတော့ တရားထိုင်တာက အကောင်းဆုံးပဲ။ စိတ်လည်း တည်ငြိမ်တယ်။ အခုနောက်ပိုင်းတော့ တရားထိုင် ဖြစ်တယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။
မနာလို တိုက်ခိုက်ကြသူတွေကို လှည့်မကြည့်ဘဲ ကိုယ်တိုင် ကြိုးစားနေပြီး မောင်နှမ နှစ်ယောက်ပဲ ရှိတဲ့အတွက် တခုခုဆိုလည်း မောင်နှမ နှစ်ယောက် တိုင်ပင်ဖြစ်တယ်လို့ ဆိုပါတယ်။
“ကိုယ့်မနာလိုသူတွေကို လှည့်ကြည့်မနေနဲ့ပေါ့။ လှည့်ကြည့်တဲ့အချိန်က ကိုယ်ပဲ ကျန်ခဲ့မှာဆိုတော့ ကိုယ့်ရှေ့ကို ကြည့်ပြီးပဲ ကြိုးစားနေတယ်။ မောင်လေးလည်း အဲ့လိုပဲ မှာတယ်။ မောင်နှမ နှစ်ယောက်ပဲ ရှိတော့ တခုခုဆို တိုင်ပင်ဖြစ်တယ်။ တယောက်တည်း တွေဝေတာတော့ မရှိဘူး။ တမိသားစုလုံးကို ဘာကိစ္စမဆို ပြောပြတယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။
မေမြင့်မိုရ်ကတော့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်နေသူ ဖြစ်ပြီး မောင်လေးဖြစ်သူ သျှင်းမြတ်နဲ့ အတူ အနုပညာ အလုပ်တွေ လုပ်ကိုင်နေပါတယ်။
You may also like these stories:
“အရိပ်” ဇာတ်လမ်းထဲက စုစုလှိုင်ဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်ထားတယ်ဆိုတဲ့ မေမြင့်မိုရ်
“ကျန်းမာရေး ဝန်ထမ်းတွေကို ဂုဏ်ယူတယ်”လို့ သရုပ်ဆောင် မေမြင့်မိုရ် ပြော