မင်းသား Donnie Yen ဟာ “Golden Empire” လို့ အမည်ရတဲ့ ဟောလိဝုဒ် ရုပ်ရှင်အသစ်တကားကို ကိုယ်တိုင် ထုတ်လုပ်ပြီး ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။
အသက် ၅၆ နှစ်အရွယ် မင်းသားဟာ အဲ့ဒီ သည်းထိတ်ရင်ဖိုရုပ်ရှင်မှာ အမေရိကန်နဲ့ မက္ကဆီကို အစိုးရတွေက အလိုရှိနေတဲ့ ဘိန်းဘုရင်တဦးအနေနဲ့ သရုပ်ဆောင်မှာ ဖြစ်တယ်လို့ Deadline မီဒီယာမှာ ဖော်ပြပါတယ်။ အခုရုပ်ရှင်ကတော့ နိုင်ငံတကာမှာ အအောင်မြင်ဆုံး မူးယစ်ရာဇာတဦးရဲ့ အတွင်းပိုင်း ဘဝအကြောင်းနဲ့ အဲ့ဒီဇာတ်ကောင်ရဲ့ ရှုပ်ထွေးမှုတွေကို ဖော်ထုတ်ပြသမှာ ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်ကို ငွေကြေးစိုက်ထုတ်မယ့် Starlight Media ရဲ့ စီအီးအို Peter Luo က ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Chasing The Dragon” ရုပ်ရှင်ထဲက တကယ့် ဂိုဏ်းစတားတဦးအဖြစ် မင်းသားရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရှုခဲ့ပြီးတဲ့နောက် မင်းသားကို သူ့ရဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်စေချင်ခဲ့တာလို့ ဆိုပါတယ်။
Luo က “Donnie ရဲ့ အရည်အချင်းတွေကတော့ ငြင်းလောက်စရာ မရှိပါဘူး။ ပြီးတော့ ဒီလိုမျိုးကောင်းမွန်တဲ့ ဇာတ်လမ်း တခုကို အသက်သွင်းဖို့ စိတ်ကူးယဉ် ပုံဖော်မယ့်နေရာမှာ အသုံးချနိုင်မှာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
Golden Empire ရုပ်ရှင်ဟာ အာရှ သရုပ်ဆောင်တယောက်က ကမ္ဘာတဝှမ်းက ပရိသတ်တွေအတွက် ရည်ရွယ်ပြီး ဦးဆောင်မယ့် ပထမဆုံး မူးယစ်ဆေးဝါးအခြေပြု ရုပ်ရှင်ဖြစ်ပြီး အာရှ၊ မြောက်အမေရိကနဲ့ တောင်အမေရိကတိုက်တွေအထိ အဲ့ဒီရုပ်ရှင်က ကျယ်ပြန့်နိုင်မှာ ဖြစ်တဲ့အကြောင်း Luo က ပြောဆိုထားပါတယ်။
မင်းသား Yen ဟာ ဟောလိဝုဒ်နဲ့ စိမ်းတဲ့သူတော့ မဟုတ်ပါဘူး။ သူဟာ “Rogue One: A Star Wars Story” ရုပ်ရှင်နဲ့ “xXx: Return Of Xander Cage” ရုပ်ရှင်တွေမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ Ip Man ရုပ်ရှင် ၄ ကားမှာလည်း သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် လာမယ့် သြဂုတ်လထဲမှာ ရုံတင်ဖို့ရှိတဲ့ “Mulan” ရုပ်ရှင်မှာလည်း ပါဝင်လာဦးမှာပါ။ မင်းသားဟာ ၂၀၁၂ ခုနှစ်က အထူးနာမည်ကျော်ကြားခဲ့တဲ့ ဗီဒီယိုဂိမ်းတခုကို အခြေခံထားတဲ့ အက်ရှင်ရုပ်ရှင် “Sleeping Dog” မှာလည်း ပါဝင် သရုပ်ဆောင်ဦးမှာပါ။ အဲ့ဒီရုပ်ရှင်မှာ သူဟာ ဟောင်ကောင်လျှို့ဝှက်အဖွဲ့တဖွဲ့ကို ဖော်ထုတ်ရမယ့် ရဲအရာရှိတဦးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။
Ref: cnalifestyle
You may also like these stories:
ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ
ထိထိရောက်ရောက်ဖြစ်မယ့် ကာရိုက်တာမျိုး ရိုက်ချင်သေးတဲ့ ဈူးဈူးဈာန်
ကိုဗစ်ကာလပြီးရင် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိနေတဲ့ မေမြင့်မိုရ်