နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီးတဲ့နောက် မင်းသားကြီး Tom Hanks ဟာ ဟောလိဝုဒ်မှာ စိတ်သဘောမနော အကောင်းဆုံး ပုဂ္ဂိုလ်ဆိုတဲ့ နာမည်ကျော်ကြားမှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ပရိသတ်တွေဟာ မင်းသားကြီးနဲ့ သူတို့တွေ တွေ့ဆုံချိန်မှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေအကြောင်း၊ မင်းသားကြီးဟာ သူတို့အတွက် ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အကြောင်း ပြောဆိုကြတာတွေလည်း ရှိပါတယ်။
တခါက ဒါရိုက်တာကြီး Steven Spielberg က “တကယ်လို့ Norman Rockwell သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် Tom ရဲ့ ပုံတူပန်းချီကို ရေးဆွဲဦးမှာဖြစ်တယ်” လို့ ပြောဆိုခဲ့ဖူးပါတယ်။
၂၀၁၉ ခုနှစ်တုန်းက မင်းသားကြီးက “ကျနော်က ဘယ်သူ့ကိုမှ ကြောက်ရွံ့အောင် မလုပ်ခဲ့ဘူးဆိုတာကို သိခဲ့တာ အချိန်တော်တော်တော့ ကြာခဲ့ပါပြီ။ ကျနော့်မှာ ပုန်းကွယ်နေတဲ့ ထူးခြားတဲ့အစွမ်း ရှိတယ်လို့ ထင်ပါတယ်” လို့ The New York Times သတင်းစာကို ပြောဆိုခဲ့ဖူးပါတယ်။ မင်းသားကြီး Hanks ဟာ ဇူလိုင်လ ၉ ရက်နေ့မှာ အသက် ၆၄ နှစ်ပြည့်ခဲ့တာ ဖြစ်ပါတယ်။
မင်းသားကြီးဟာ Inferno ရုပ်ရှင်မှာ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ ကွယ်လွန်သူ မင်းသား Irrfan Khan အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ သူက “Irrfan Khan အကြောင်း မကြိုက်တဲ့ အချက်တချက် ရှိတယ်။ ကျနော်က အားလုံးထဲမှာ အပြတ်မိုက်တဲ့သူလို့ ထင်ခဲ့တာ။ လူတိုင်းက ကျနော် ပြောတဲ့စကားလုံးတိုင်းကို သေချာနားထောင်ကြတယ်”
“ကျနော်ရှိပြီဆိုရင် လူတိုင်းက နည်းနည်းတော့ ရှိန်ကြတယ်။ ဒါပေမဲ့ Irrfan Khan ရောက်လာပြီဆိုရင်တော့ သူဟာအခန်းထဲမှာ အလန်းဆုံးလူ ဖြစ်သွားတော့တာပါပဲ” လို့ သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောဆိုခဲ့ပါတယ်။ မင်းသား Irrfan ရဲ့ သရုပ်ဆောင်တဲ့ပုံစံကို သဘောကျပြီး သူတို့အတိုင်း လိုက်လုပ်ဖို့တောင် ကြိုးစားခဲ့တယ်လို့ မင်းသားကြီး Hanks က ဆိုပါတယ်။
မင်းသားကြီးက “ကျနော်က သူ့ဆီကိုသွားပြီးတော့ Irrfan Khan ရေ၊ ငါ မင်းဆီက နိုင်သလောက် အရာတိုင်းကို ခိုးယူမယ်။ ရုပ်ရှင်တွေထဲမှာ တိတ်တိတ်လေးပဲ စကားပြောဖို့ စကြိုးစားမယ်။ ကျနော်အရမ်းကောင်းတဲ့ ဝတ်စုံကို ဝတ်မယ်။ ပြီးတော့ ကျနော်ပြောတဲ့ ဝါကျတိုင်းရဲ့ အဆုံးသတ်ကို ရှည်ရှည်ထားပြီး ပြောမယ်လို့ ပြောခဲ့တယ်။ အဲ့ဒီလိုလုပ်ပြီးတော့ ကျနော်ဟာ အခန်းထဲက ခပ်မိုက်မိုက် လူတယောက်ကို ပုံတူပွားမှု လုပ်ဆောင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
ရိုက်ကူးရေး မစခင်မှာ မင်းသားကြီး Hanks က Irrfan ထံကို လက်ရေးနဲ့ ရေးထားတဲ့ စာတစောင် ပို့ခဲ့ပါတယ်။ အဲ့ဒီစာထဲမှာ “အခုရုပ်ရှင်ဟာ အားရကျေနပ်ဖို့ အကောင်းဆုံး ရုပ်ရှင်တကား ဖြစ်လာမှာပါ။ ကျနော်တို့ အတူတူ ပါဝင်ရမယ့် ဇာတ်ဝင်ခန်း ပိုများလာမှာပါ။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ငါတို့ ကမ္ဘာကြီးကို ကယ်တင်ရတော့မှာပေါ့” လို့ ပြောရေးသားခဲ့ပါတယ်။
မင်းသားကြီး Hanks က အိန္ဒိယရုပ်ရှင်လောကထဲက သရုပ်ဆောင်တဦးကို ချီးကျူးတာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်မှာ မင်းသားကြီးက “နှစ်တွေ တော်တော်များများ ကျနော်တို့အတွက် အိန္ဒိယ ရုပ်ရှင်တွေမှာ Big B (အမီတာဘဂျမ်း) ကို မျက်မှန်ကြီး တကားကားနဲ့ မြင်တွေ့ခဲ့ရပါတယ်။ လူဆိုးတွေကို ရိုက်နှက်တာမျိုး လုပ်ခဲ့တယ်။ အဲ့ဒါဘာကြောင့်လဲ ဆိုတာကိုတော့ ကျနော် နားမလည်ခဲ့ဘူး။ တကယ်လို့ လူတိုင်းက ရုပ်ရှင်အကြောင်း ပြောရမယ်ဆိုရတော့ အဲ့ဒီအကြောင်းကနေ စပြောရပါမယ်” လို့ ဆိုပါတယ်။
မင်းသားကြီး Hanks ရဲ့ ဂန္တဝင် ရုပ်ရှင်ဖြစ်တဲ့ “Forrest Gump” ကို ဘောလိဝုဒ်မှာ “Laal Singh Chaddha” ရုပ်ရှင်အဖြစ် ဖန်တီးနေပြီး အဓိကသရုပ်ဆောင်ကတော့ မင်းသား Aamir Khan ဖြစ်ပါတယ်။ မင်းသား Aamir ကို အိန္ဒိယရဲ့ Tom Hanks လို့ ခေါ်ဆိုကြပါတယ်။
Ref: hindustantimes
You may also like these stories:
ပျောက်ဆုံးနေတဲ့ မင်းသမီး Naya Rivera သေဆုံးပြီလို့ ယူဆရ
ကိုဗစ်ကြောင့် မဲလ်ဘုန်းမြို့ကို ဒုတိယအကြိမ် Lockdown ပြန်ချ
ဟောလိဝုဒ် မှုခင်းရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Donnie Yen