ဇာတ်လမ်းတွဲတွေမှ တဆင့် ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် ဝင့်ယမုံနိုင်က ဇာတ်လမ်းတွဲတွေမှာ တွဲဖက် သရုပ်ဆောင်ရတဲ့ မင်းသားတွေနဲ့ တွဲတယ်လို့ မြင်ကြတာ သဘာဝပဲလို့ ဆိုပါတယ်။
“ကိုအောင်ရေချမ်းနဲ့က “ကျွန်မက မဟေသီ” ကားမှာမှ စရိုက်ဖူးတာ။ အဲ့မှာ စရိုက်ဖူးပေမယ့် အပေးယူမျှတယ်။ အဲ့တုန်းက ယမုံက “စိတ်၏ခြေရာ” ရိုက်ပြီးမှ အဲ့ကားကို ဝင်တာ သူတို့က အရင် ရိုက်နေကြပြီ။ အဲ့မှာ ယမုံ့ ကာရိုက်တာက အရမ်းအေးပြီးတော့ နူးညံတဲ့ပုံစံ၊ ရိုက်နေကျ မဟုတ်တော့ သေချာကြိုးစား လေ့လာရတယ်။ ရိုက်ကွင်းပေါ်မှာလည်း အမှတ်တရတွေ ရှိပါတယ်”
“တချို့ပရိသတ်တွေလည်း ကိုယ်နဲ့ တွဲရိုက်တဲ့ မင်းသားတချို့နဲ့ တွဲမြင်လို့ လိုက်ဖက်တယ်၊ အားပေးတယ်၊ ကြိုက်တယ် ပြောပေမယ့် တချို့ကျတော့ တွဲရိုက်တာများလာရင် သတ်သတ်ကို ပြောချင်ကြတာတွေလည်း ရှိတယ်။ မြင်ကြမှာ သဘာဝပါပဲ။ ဘာမှတော့ မဖြစ်ပါဘူး။ သရုပ်ဆောင် အချင်းချင်း ကတော့ မျက်နှာ ပူရတာတွေ မရှိပါဘူး။ ဒါတွေ သိပြီးသားဆိုတော့ နားလည်ပါတယ်”လို့ ဝင့်ယမုံနိုင်က ပြောပါတယ်။
ယောကျ်ားဆန်တဲ့ စိတ်ဓာတ် အပြည့်အဝ ရှိတဲ့သူကို သဘောကျတယ် ဆိုတဲ့ ဝင့်ယမုံနိုင်က အချစ်ရေးပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။
“ချစ်သူက ရှိသလား၊ မရှိသေးဘူးလားလည်း ပြောပြလို့မရသေးဘူး။ အချိန်တန် သိလာမှာပါ။ လူပဲလေ အသည်းနှလုံး ရှိတာပေါ့။ ယမုံ သဘောကျတာကတော့ ယောကျ်ားဆန်တဲ့ စိတ်ဓာတ် အပြည့်အဝရှိရမယ်။ ဘယ်အရာမဆို မားမားမတ်မတ် ရပ်တည်နိုင်ရမယ်”
“ဘယ်အချိန်မဆို ကိုယ့်ချစ်သူကို ကာကွယ်ပေးနိုင်ရမယ်၊ တယောက်နဲ့ တယောက် လေးစားမှု ရှိရမယ်။ ကိုယ့်အပေါ် သည်းခံပေးနိုင်ရမယ်၊ သစ္စာရှိရမယ်။ ယမုံအချစ်ကို တယောက်နဲ့ တယောက် တန်ဖိုးထားပြီး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာရှိရှိ ချစ်တာကိုတော့ ယမုံက ပိုမြတ်နိုးတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဝင့်ယမုံနိုင်က အခုခေတ်မှာ Relationship တွေ မကြာခဏ ပြတ်စဲကြတဲ့အပေါ်လည်း အခုလို ဆိုပါတယ်။
“အခုခေတ်မှာ Relationship က ပြတ်လိုက်၊ တွဲလိုက်ဖြစ်တာတွေ ရှိတယ်။ ဒါကလည်း ကိုယ့်ပေါ်မှာပဲ မူတည်တယ်။ ပျက်ကြတဲ့သူတွေလည်း သူတို့အကြောင်းတွေ ရှိမယ်။ မြဲတဲ့သူတွေမှာလည်း သူတို့ အကြောင်းတွေ ရှိမယ်။ ကိုယ်တိုင်လည်း အဆင်ပြေတဲ့သူနဲ့ တွေ့နိုင်သလို မပြေတဲ့သူနဲ့ တွေ့နိုင်တယ်။ အတတ်နိုင်ဆုံးတော့ ညှိနှိုင်းရမှာပေါ့”လို့ ဝင့်ယမုံနိုင်က ပြောပါတယ်။
ဝင့်ယမုံနိုင်ကိုတော့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲ “The Sign Of Love Series” ကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ချိန်မှာတော့ ဝင့်ယမုံလှိုင် ဆိုတဲ့ နာမည်နဲ့ လုပ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ဝင့်ယမုံနိုင်ဆိုတဲ့ နာမည်ကို ပြောင်းလဲခဲ့ပါတယ်။
You may also like these stories:
ကိုဗစ်ကာလပြီးရင် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိနေတဲ့ မေမြင့်မိုရ်
မွေးနေ့အလှူ လုပ်ဖြစ်ပုံကို ပြောပြတဲ့ အောင်ရေချမ်း
ဇာတ်လမ်းတွဲအသစ်တခုမှာ မြင်ရဦးမယ့် ကူးကူးဇင်အောင်