သရုပ်ဆောင် ချစ်သုဝေရဲ့ဖခင်ဖြစ်သူ ရေးဆွဲခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကားနဲ့ ပတ်သက်ပြီး ဦးဇော်ဝင်းနဲ့ ချစ်သုဝေတို့အား သာသနာညှိုးနွမ်းစေမှုနဲ့ သင်္ဃန်းကျွန်းတရားရုံးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ့ရက္ခတအဖွဲ့မှ ဦးတိုက်လျှောက်ထားခဲ့ရာ ဇူလိုင်လ ၉ ရက်နေ့က အမှုအား ပလပ်ခံခဲ့ရပါတယ်။
ဒီလို အမှုပလပ်ခံရတဲ့အပေါ် တရားရုံးရဲ့အမိန့်က အံ့သြစရာကောင်းတယ်လို့ တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ့ရက္ခိတအဖွဲ့မှ ရှေ့နေဦးအေးပိုင်က တရားရုံးက အထွက်မှာ ပြောပါတယ်။
“ဒီချတဲ့အမိန့်အပေါ်မှာတော့ ကျနော့်ရဲ့ သုံးသပ်ချက်က ရှေ့နေတယောက်လည်း ဖြစ်တယ်။ သုံးသပ်ကြည့်လိုက်တဲ့အခါကျတော့ တရားရုံးရဲ့အမိန့်က လွဲမှားနေတယ်။ ကာလ သတ်မှတ်ချက်မှာ အွန်လိုင်းကနေ ဖြန့်ကျက်လိုက်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး”
“အဆိုတော် ချစ်သုဝေရဲ့ ပြန်ပြီးရှင်းတာတွေ ရှိပါတယ်။ သူကိုယ်တိုင်လည်းပဲ ဟုတ်တယ် ဝန်ခံပါတယ်။ အဲ့အပေါ်မှာ တရားရုံးက ပလပ်တဲ့အမိန့် အံ့သြစရာ ကောင်းနေတယ်လို့ ခံစားရပါတယ်။ ဒါလေးကိုတင်ပြပါတယ်။ ကျနော်တို့က ပုဂ္ဂိုလ်ရေး မကျေနပ်လို့ မဟုတ်ပါဘူး” လို့ ရှေ့နေ ဦးအေးပိုင်က ပြောပါတယ်။
တရားရုံးက ပလပ်ခဲ့ပေမယ့် ဥပဒေအရ ဆက်လက် ဆောင်ရွက်ခွင့်ရှိပြီး အထက်ရုံးတက်လို့ရတာကြောင့် တိုင်ပင်ပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
“တရားရုံးကတော့ ဒီအကြောင်းအရာတွေဟာ တရားစွဲရတဲ့ အကြောင်းအရာတွေက ဥပဒေပြဋ္ဌာန်းချက်နဲ့ မညီဘူးဆိုပြီး ကျင့် ၂၀၃ နဲ့ ပယ်လိုက်တယ်။ သို့သော် ဒီလို ပလပ်လိုက်ခြင်းက ကျနော်တို့မှာ ဥပဒေအရ ဆက်လက် ဆောင်ရွက်ခွင့် ရှိပါတယ်။ အထက်ရုံး တက်လို့ ရပါတယ်။ အထက်ရုံး တက်ဖို့ပြင်ဆင်မှုကိုတော့ တိုင်ပင်ပြီးတော့ ဆောင်ရွက်ကြမှာပါ” လို့ ဦးအေးပိုင်က ပြောပါတယ်။
အခုလို တရားစွဲတာဟာ ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲ တာဝန်ပေးလို့ လုပ်ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်
“ဒီလို တရားစွဲတယ်ဆိုတာလည်း ကျနော့်ရဲ့ပုဂ္ဂိုလ်ရေး မဟုတ်ဘူး။ မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာကွန်ရက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ကျနော့်ကို တာဝန်ပေးလို့ စွဲတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းကို ပြန်တင်ပြပြီးတော့ ဒီအပေါ်မှာ ဘာဆက်လုပ်ကြမလဲ ဥပဒေဘောင်အတွင်းက လုပ်ကြမှာပါ” လို့ ရှေ့နေဖြစ်သူ ဦးအေးပိုင်က ပြောပါတယ်။
သရုပ်ဆောင် ချစ်သုဝေရဲ့ ဖခင်ဖြစ်သူက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ရေးဆွဲခဲ့တဲ့ ပန်းချီကားမှာ ဥဏ္ဏလုံ မွေးရှင်တော် ထည့်သွင်း ရေးဆွဲခဲ့တာဖြစ်ပြီး အဲဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း ချစ်သုဝေက သူကိုယ်တိုင် နားမလည်ခဲ့တာကြောင့် ဖခင်ဖြစ်သူကို အကြံမပေးနိုင်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ အပတ်က လူမှုကွန်ရက် မီဒီယာမှာ ပြန်ရှင်းပြခဲ့ပါတယ်။
You may also like these stories:
Irrfan Khan ဆီကနေ အရာအားလုံး ခိုးယူချင်တယ်လို့ Tom Hanks ပြော
ပျောက်ဆုံးနေတဲ့ မင်းသမီး Naya Rivera သေဆုံးပြီလို့ ယူဆရ
ဟောလိဝုဒ် မှုခင်းရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Donnie Yen