သရုပ်ဆောင် ညီနန္ဒကတော့ “Bonlife” နေကြာဆီမှ သူ့အား Brand Ambassador ခန့်အပ်တဲ့အတွက် အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။
“ကျနော့်ကို Bonlife နေကြာဆီက Brand Ambassador ခန့်တော့ ပြောမပြတတ်အောင် အတိုင်းမသိ ဝမ်းသာတယ်။ ကျနော့်ဆီကို လာချိတ်တာတွေ ရှိတယ်။ ကျနော်တို့က သေချာ စမ်းသပ်ပြီးမှ လက်ခံတာမို့ သူ့ကွာလတီက တော်တော်မိုက်တယ်။ ကွာလတီ ကောင်းတယ်၊ ဈေးလည်း သင့်တော်တာမို့ လက်တွဲတာပါ”
“တနှစ် ခန့်အပ်တယ်ဆိုပေမယ့် တခြား အနုပညာရှင်တွေလို သိန်းထောင်ချီတော့ မဟုတ်ပါဘူး။ ကျနော့်ကို ယုံယုံကြည်ကြည် အပ်ပေးတာနဲ့ အဆင်ပြေတယ်။ ကျနော့်ကို တနေ့ ၈ ပိဿာအထိ တနှစ်တိတိ စပွန်ဆာပေးတယ်။ ၈ ပိဿာ အထက်ဆိုရင် ကိုယ်စလှယ်ဈေးနဲ့ ဝယ်ရမယ်။ ကွာလတီ ကောင်းတော့ ကျနော်တို့ကလည်း သုံးရမှာပေါ့။ အခုလို ခန့်အပ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်”လို့ ညီနန္ဒက ပြောပါတယ်။
ထောပတ်ထမင်းရောင်းတာ ၃ လပြည့်တော့မှာ ဖြစ်ပြီး အခုလို ကိုဗစ်ကာလမှာ ထောပတ်ထမင်း ချက်ရောင်းဖြစ်ပုံလည်း အခုလိုပဲ ဆိုပါတယ်။
“ဇူလိုင် ၂၄ ရက်ဆိုရင်တော့ ထောပတ်ထမင်း ရောင်းတာ ၃ လ ပြည့်မှာပေါ့။ ကျနော်က ပလာတာရိုက်တတ်တာ။ သင်္ကြန် မတိုင်ခင် စဉ်းစားတာ ရောင်းမယ်လို့။ ဒါပေမဲ့ တနေ့ ရိုက်နိုင် ၅၀ ပေါ့။ အဲ့ထက် ပိုမရိုက်နိုင်ဘူး။ ယောက်ဖက ထောပတ်ထမင်းက အာလုံး ဝိုင်းလုပ်လို့ရတာပေါ့။ ပလာတာကျတော့ တယောက်တည်း လုပ်ရမှာဆိုတာနဲ့ ထောပတ်ထမင်းပဲ လုပ်ဖြစ်သွားတာပါ”လို့ ညီနန္ဒက ပြောပါတယ်။
စလုပ်ခါစ ပွဲနည်းနည်းသာ ချက်ရောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပွဲ ၅၀၀ ကျော်အထိ လက်ခံ ချက်ပေးနေပြီး ကြက်သားဈေး တက်ပေမယ့်လည်း ဈေးမတက်ဘဲ ရောင်းပေးနေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ စတုန်းက ပွဲ ၃၀၊ ဒီရက်ပိုင်းတောင် ပွဲ ၅၀၀ ကျော်တယ်။ ကျနော့် ယောက်ဖကိုလည်း ပြောတယ်။ ပိုသာ ချက်၊ ပိုရင် လှူမယ်။ ကျနော့်ဆီကနေ ဝယ်ပြီး သွားလှူခိုင်းတာတွေလည်း ရှိတော့ ဝမ်းသာရတယ်။ ကျနော်တို့ ရွေးချယ်မှု မှန်သွားတာပေါ့”
“နောက်ထပ် အမယ်တွေကိုလည်း လှမ်းချင်တယ်။ ဒါပေမဲ့ ကြက်သား ထောပတ်ထမင်းကို လူပိုကြိုက်ကြတာ များတယ်။ အဲ့အတွက် နိုင်နိုင်နင်းနင်း လုပ်ချင်သေးတယ်။ ကြက်သားတွေ ဈေးတက်တာတောင် ကျနော်တို့ မတက်သေးပါဘူး။ အခုထိတော့ တောင့်ခံနေတယ်။ အရမ်း ဈေးတက်လာရင်တော့ ကျနော်တို့လည်း အတတ်နိုင်ဆုံး လုပ်ပြီး ရောင်းမှာပါ”လို့ ညီနန္ဒက ပြောပါတယ်။
လက်ဦးဆရာသမားတွေကို ထောပတ်ထမင်းနဲ့ ကန်တော့ချိန် သရုပ်ဆောင် ဒွေးနဲ့ အစ်ကို ဖြစ်သူ ဗျိုက်ကိုလည်း သတိရတယ်လို့ ဆိုပါတယ်။
“ကျနော် ဆရာသမားတွေကို လိုက်ပြီး ကန်တော့နေချိန် ကျနော့် အစ်ကို ကိုဗျိုက်နဲ့ ကိုသားကြီးကို သတိရတယ်။ အခုချိန် ကိုဗျိုက်ရှိရင်လည်း ညီအစ်ကို နှစ်ယောက်အားနဲ့ ပိုပြီးလည်း အောင်မြင်မှာပေါ့။ ဗျိုက်ကို သတိရချိန်တိုင်း သူ့အခွေလေး ထုတ်ပေးဖို့၊ မထုတ်ပေးနိုင်သေးတာတော့ စိတ်မကောင်းဘူး။ ကျနော် ထုတ်ပေးလို့ရမယ့် အချိန်မျိုးမှာ ကျနော် လုပ်မှာပါ”
“ကျနော် သွားကန်တော့ချိန်မှာ တယောက်ကို ၃၊ ၄ ပွဲ ကန်တော့တယ်။ ဦးညီညီထွန်းလွင်ကို ကန်တော့ချိန်ဘာလို့ ပွဲ ၃၀ နဲ့ ကန့်တော့ရလဲဆို ကိုသားကြီးရယ်၊ ဦးညီညီထွန်းလွင်ရယ်၊ ဦးနောင်ထွန်းလွင်ရယ်ကို ကန်တော့တာဖြစ်တာကြောင့် အဲ့လို သွားကန်တော့တာပါ”လို့ ညီနန္ဒက ပြောပါတယ်။
သရုပ်ဆောင် ညီနန္ဒကတော့ “ကိုနန္ဒ ထောပတ်ထမင်း” ဆိုပြီး ကိုဗစ်ကာလမှာ ထောပတ်ထမင်း ချက်ရောင်းကာ ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ်ကာလပြီးရင် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိနေတဲ့ မေမြင့်မိုရ်
ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ