သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးမှ တရားစွဲဆိုထားတဲ့ အမှုရဲ့ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ ရုံးချိန်းမှာတော့ မိုးအောင်ရင်ဘက်ကို စစ်ဆေးသွားဖို့အတွက် ရုံးချိန်းများ ညှိနှိုင်းအတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
“ဒီနေ့ ရုံးချိန်းကတော့ ၁၇ ကြိမ်မြောက် ရုံးချိန်းဖြစ်ပါတယ်။ တရားလို မခင်မြတ်နိုးနဲ့ သူ့ရှေ့နေ ဦးချစ်လွင် လာပါတယ်။ စွပ်စွဲခံရသူ မိုးအောင်ရင်နဲ့ သူ့ရဲ့ရှေ့နေ ဒေါ်ခင်နုသာ လာပါတယ်။ ဒီနေ့မှာ အပြီးသတ် အကြို ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး ခံပြ သက်သေတွေကို စစ်ဆေးမယ့် ရုံးချိန်းများကို ညှိနှိုင်း အတည်ပြုကြပါတယ်”လို့ ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ရုံးချိန်းတွေမှာတော့ တရားလိုဖြစ်သူအား စစ်ဆေးပြီးဖြစ်ပြီး မိုးအောင်ရင်ဘက်ကို ရုံးချိန်း ၇ ချိန်းအတွင်း အပြီးစစ်ဆေးသွားမတယ်လို့ အတည်ပြုခဲ့ကြတယ်။
“ခံပြသက်သေက မိုးအောင်ရင် အပါအဝင် စုစုပေါင်း ၁၁ ဦး ပြထားပါတယ်။ ခံပြသက်သေ ၁၁ ဦးကို ရုံးချိန်းပေါင်း ၇ ချိန်းအတွင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်” လို့ ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
တရားလိုဖြစ်သူ မခင်မြတ်နိုးဘက်မှ တရားလိုပြ သက်သေ ၅ ဦးကိုတော့ စစ်ဆေးပြီးဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့က ပြန်ခေါ်သက်သေအဖြစ်လည်း ခင်မြတ်နိုးကို စစ်ဆေးပြီး ဖြစ်ပါတယ်။
မိုးအောင်ရင်ဘက်ကို စစ်ဆေးမှုအား သြဂုတ်လအတွင်းမှာ စတင်မှာဖြစ်ပြီး စက်တင်ဘာအထိ ရုံးချိန်းများကို ချိန်းဆိုထားပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုးအောင်ရင် အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
You may also like these stories:
Personal Attack လုပ်ခံရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Mary
နေကြာဆီရဲ့ Brand Ambassador ခန့်အပ်ခံရလို့ ဝမ်းသာနေတဲ့ ညီနန္ဒ