သရုပ်ဆောင် မေမြင့်မိုရ်ရဲ့ မောင်လေး သျှင်းမြတ်ကတော့ အနုပညာလှုပ်ရှားမှုတွေမှာ အစ်မဖြစ်သူကြောင့် မျက်နှာ မငယ်ရပေမယ့် သူ့နာမည် သျှင်းမြတ်အနေနဲ့လည်း လူသိအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“အစ်မ မေမြင့်မိုရ်က အခုဆိုရင် အနုပညာလောကမှာ နေရာ တနေရာ ရနေပြီ။ သူကြောင့်ပဲ ကျနော့်ရဲ့ အနုပညာလှုပ်ရှားမှုတွေမှာဆိုရင် မျက်နှာ မငယ်ရဘူးပေါ့။ တဖက်က ကြည့်မယ် ဆိုရင်လည်း မေမြင့်မိုရ်ရဲ့ မောင်လေးအနေနဲ့ သိကြတာပေါ့နော်။ ဒါကြောင့် သျှင်းမြတ်အနေနဲ့ သိရအောင်လို့လည်း ကြိုးစားသွားဦးမှာပါ”လို့ သျှင်းမြတ်က ပြောပါတယ်။
အစ်မဖြစ်သူ မေမြင့်မိုရ်နဲ့လည်း ဇာတ်ကား အတူတွဲရိုက်ဖို့ အခြေအနေ မရှိသေးပေမယ့် ဘဝမှာ အမှတ်တရဖြစ်အောင် ဇာတ်ကား အတူရိုက်ချင်တယ်လို့ ဆိုပါတယ်။
“အစ်မနဲ့ ဇာတ်ကား အတူတွဲရိုက်ဖို့ အခြေအနေက လောလောဆယ် မရှိသေးဘူး။ အတူ တွဲရိုက်သင့်တယ်လို့လည်း ထင်ပါတယ်။ အစ်မနဲ့အတူ အနုပညာအလုပ်တွေ လုပ်လာတာကြာလည်း ကြာပြီဆိုတော့ ဘဝမှာ အမှတ်တရလေးဖြစ်အောင် ဆုံဖူးချင်ပါတယ်။ ကျနော်လည်း အခုဆို ဇာတ်လမ်းတွဲ ၃ ခု ရိုက်ဖူးတယ်။ ရုပ်ရှင်ဇာတ်ကားကြီး ၁ ကား ရိုက်ဖူးတယ်”
“ကျနော် လုပ်ချင်တဲ့ ကာရိုက်တာတွေလည်း အများကြီး ရှိသေးတယ်။ အခွင့်အရေး ရလာရင်လည်း အများကြီး ကြိုးစားမှာပါ ”လို့ သျှင်းမြတ်က ပြောပါတယ်။
သျှင်းမြတ်ကတော့ ကိုဗစ်ကာလ မတိုင်ခင်က “ဧဒင် Challenge” ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ပြီး လက်ရှိမှာတော့ ရိုက်ကူးရေးတွေ ရပ်နားထားတာ ၂ လ၊ ၃ လခန့် ရှိပြီလို့ ပြောပါတယ်။
“အခုက ကျနော် “ဧဒင် Challenge” ဆိုတာလေး ရိုက်နေတာပေါ့။ အဲ့အချိန်မှာ ကိုဗစ်ဖြစ်သွားတော့ လုံးဝ နားလိုက်တာ ၂ လ၊ ၃ လလောက် ရှိနေပြီ။ ပြန်လည်း ရိုက်ချင်နေပါပြီ။ ဧဒင် Challenge က လူငယ် ဖန်စီကားလေးပါ။ ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေလည်း ပါတယ်။ ကျနော်က အဲ့ကားထဲမှာ မိုးစက်ဆိုတဲ့ ဂီတကို ရူးသွပ်တဲ့ ကောင်လေးတယောက် အနေနဲ့ တွေ့ရမှာပါ။ လူငယ်နှစ်ဖွဲ့ပြိုင်တဲ့ ကားလေးပေါ့”လို့ သျှင်းမြတ်က ပြောပါတယ်။
ကိုယ်တိုင်လည်း ဇာတ်လမ်းတွဲတွေ လွှင့်တဲ့အခါ ပြန်ကြည့်ပြီး ဘာတွေ လိုအပ်လဲဆိုတာ လိုအပ်ချက်တွေ ပြန်သုံးသပ်တယ်လို့ ဆိုပါတယ်။
“ကျနော် အလုပ်တခုပြီးရင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တယ်။ အကောင်းဆုံးတော့ ကြိုးစားလုပ်ခဲ့ပေမယ့် တကယ် သေချာလုပ်ခဲ့လား၊ ဘာတွေ လိုအပ်လဲဆိုတာ ပြန်သုံးသပ်တယ်။ ထွက်လာလို့ ပြန်ကြည့်ရင် လိုအပ်ချက်လေးတွေတော့ တွေ့ တာပေါ့။ အနုပညာဝမ်းစာကိုတော့ ကိုယ့်စီနီယာ အစ်ကို၊ အစ်မတွေဆီက လေ့လာတယ်။ ပညာယူတယ်။ အစ်မကိုလည်း တိုင်ပင်ဖြစ်တယ်”လို့ သျှင်းမြတ်က ပြောပါတယ်။
You may also like these stories:
မိုးအောင်ရင်ဘက်မှ သက်သေများအား ရုံးချိန်း ၇ ချိန်းဖြင့် စစ်ဆေးမည်
Personal Attack လုပ်ခံရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Mary
နေကြာဆီရဲ့ Brand Ambassador ခန့်အပ်ခံရလို့ ဝမ်းသာနေတဲ့ ညီနန္ဒ