Entertainment

မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝအကြောင်း

သရုပ်ဆောင် မင်းသားကြီး ကျော်ဟိန်းအား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ ရန်ကုန်မြို့မှာ အဖ ဦးဂျွန်မောင်စိန်နှင့် အမိ ဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် ကျော်ကြီး၊ အမည်ရင်းကတော့ ကျော်ဌေး ဖြစ်ပါတယ်။ မွေးချင်း မောင်နှမ ၆ ယောက်ရှိပြီး ကျော်ဟိန်းက ၄ ယောက်မြောက်သားလည်း ဖြစ်ပါတယ်။

ကျော်ဟိန်းဟာ ၁၉၅၂ ခုနှစ် ၊ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်းကနေ စတုတ္ထတန်းအထိ ကျောင်းစာသင်ကြားခဲ့ပြီး ၁၉၅၆ ခုနှစ်မှာတော့ အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဉ္စမတန်းကို တက်ရောက်သင်ကြားခဲ့ပါတယ်။

၁၉၅၇ ခုနှစ်မှာတော့ အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ ဆဋ္ဌမတန်း တက်ရောက်ခဲ့ပြီးနောက် ကျော်ဟိန်းဟာ သတ္တမတန်းကို ၂ ကြိမ်၊ အဋ္ဌမတန်း ဖြေဆိုပြီး၊ နဝမတန်း ၂ ခါကျလို့ ကျောင်းထွက်လိုက်ရကာ ၁၉၆၄ ခုနှစ်၊ ရန်ကုန်မြို့၊ မြို့နယ်အသီးသီးရှိ အလွတ်ပညာသင်ကျောင်း (ညကျောင်းအပါအဝင်)၊ ၂၃ ကျောင်း ပြောင်းရွှေ့သင်ကြားခဲ့တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ ကျော်ဟိန်းဟာ ကျောင်းမနေဖြစ်တော့ဘဲ အိမ်ကနေ ၁၆ ကြိမ်ဆင်းခဲ့ပြီး အိမ်ပြေးဘဝနဲ့ လမ်းပေါ်မှာ လေလွင့်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၅ ခုနှစ်၊ ကမာရွတ်မြို့နယ်၊ ဒေါ်သာထက်ကျောင်းမှာ နဝမတန်း (၃ ကြိမ်မြောက်) ပညာ သင်ကြားခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။

၁၉၆၆ ခုနှစ်မှာတော့ ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ်ပညာသင်ကျောင်းမှာ ဒသမတန်း သင်ကြားကာ ၃ လခန့် တက်ရောက်ခဲ့ပြီး ရေတပ်ထဲဝင်ကာ ၁၉၆၇ ခုနှစ်မှာ ရေတပ်က ထွက်ခဲ့ပါတယ်။ အဲဒီနောက် ကျော်ဟိန်းဟာ ဒဿမတန်း ပြန်ဖြေကာ ဆယ်တန်း(ခ) နှင့်အောင်မြင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း အထိ ပညာသင်ကြားခဲ့ပါတယ်။

ကျော်ဟိန်းဟာ ငယ်စဉ်က စိန်ဂေါ်လီဂိုဏ်းဝင် တဦးဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ရုပ်ရှင်လောကထဲရောက်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်မှ စတင်ပြီး ကျော်ဟိန်းဟာ ရုပ်ရှင်မင်းသမီး စန္ဒာနဲ့ အတူ “ဖူးစာလမ်းဆုံ” ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။

မင်းသားကြီး ကျော်ဟိန်းဟာ “အကာကအချစ်၊ အနှစ်ကမေတ္တာ” ၊ “မွန်းတည့်ချိန်တွင် နေဝင်သည်”၊ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ၊ “ဝေလည်းမွှေး ကြွေလည်းမွှေး” ၊ “နေကမွေးတဲ့ လ” စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ အကယ်ဒမီ ၅ ဆု ရရှိခဲ့ပါတယ်။ “မွန်းတည့်ချိန်တွင် နေဝင်သည်” ဇာတ်ကားကိုတော့ ကျော်ဟိန်း ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။

၁၉၇၀ ခုနှစ်မှာ ကျော်ဟိန်း ပထမဆုံး ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ “စိမ် သို့မဟုတ် စိန်” ဇာတ်ကား ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားရဲ့ ကြော်ငြာဒီဇိုင်း၊ ပိုစတာများအားလုံးကိုလည်း သူကိုယ်တိုင် နေမင်းထိပ်ခေါင် နာမည်နဲ့ ရေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် ကျော်ဟိန်းဟာ ဝတ္ထုတို၊ ဝတ္ထုရှည်အချို့ ရေးသားခဲ့ပြီး တေးစီးရီးတွေလည်း သီဆိုထုတ်လုပ်ခဲ့ပါတယ်။

ကျော်ဟိန်းဟာ ရုပ်သံကြော်ငြာတွေမှာလည်း သရုပ်ဆောင်ကြေး အများဆုံးရရှိတဲ့ မင်းသား တလက်ပါ။၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့မှာတော့ ကျော်ဟိန်းဟာ ရုပ်ရှင်လောကက အနားယူပြီး ရဟန်းဝတ်ခဲ့ပါတယ်။ ဘွဲ့တော်က ဦးကိတ္တိသာရ ဖြစ်ပြီး ရဟန်းမဝတ်ခင်ကလည်း “ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်”လို့ အမည်ပေးပြီး မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့ပါသေးတယ်။

ကျော်ဟိန်းက ဘုန်းကြီးဝတ်အနေနဲ့ စာပေများရေးသားတဲ့အခါမှာလည်း ကလောင်နာမည် ဦးကိတ္တိသာရ (ခေတ္တ ၃၁ ဘုံ) နဲ့ စာများ ရေးသားခဲ့ပါတယ်။ ကျော်ဟိန်း နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ “ကြိုးတန်း” ရုပ်ရှင်ကား ဖြစ်ပါတယ်။

ကျော်ဟိန်းက ၁၉၆၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ အနုပညာ သက်တမ်း နှစ်ပေါင်း ၄၁ နှစ်အတွင်း ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ကားပေါင်း ၂၂၂ ကား ရှိပြီး ဗီဒီယို ကားပေါင်း ၃၆၂ ကားနဲ့ သီဆိုခဲ့တဲ့ သီချင်းခွေပေါင်း ၁၄ ခွေအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအားလုံး ချစ်ခင် အားပေးရတဲ့ မင်းသားကြီး ကျော်ဟိန်း ( ဆရာတော် ဦးကိတ္တိသာရ) ဟာ ယနေ့ ဇူလိုင် ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၉ နာရီ ၂၇ မိနစ် အချိန်က ဩစတေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ ပျံလွန်တော်မူသွားပြီ ဖြစ်ပါတယ်။

တိုက်ဆိုင်စွာပဲ ယနေ့၊ ဇူလိုင်လ ၁၁ ရက်နေ့ဟာ သရုပ်ဆောင် ဒွေး (ခ) ကိုသားကြီး ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်နေ့လည်း ဖြစ်ပါတယ်။ ဆရာတော် ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) ပျံလွန်တော်မူချိန်မှာတော့ သက်တော် ၇၃ နှစ် ရှိပြီ ဖြစ်ပါတယ်။

ကိုးကား – wikipedia

You may also like these stories:

နေကြာဆီရဲ့ Brand Ambassador ခန့်အပ်ခံရလို့ ဝမ်းသာနေတဲ့ ညီနန္ဒ

Personal Attack လုပ်ခံရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Mary

မိုးအောင်ရင်ဘက်မှ သက်သေများအား ရုံးချိန်း ၇ ချိန်းဖြင့် စစ်ဆေးမည်

Loading