အနုပညာအလုပ်တွေ ရပ်နားပြီး သာသနာ့ဘောင်ထဲ အပြီးတိုင်ဝင်သွားခဲ့တဲ့ ဥူးဇင်း ဦးကိတ္တိသာရ (သရုပ်ဆောင် အကယ်ဒမီ ကျော်ဟိန်း) ပျံလွန်တော်မူသွားတဲ့အပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကားများကို ဧရာဝတီက အခုလို မေးမြန်းထားပါတယ်။
သရုပ်ဆောင် ချိုပြုံး
“မေချိုရဲ့ အချစ်ဆုံးရဆုံး သူငယ်ချင်းပါ။ အခုလို ကွယ်လွန်တဲ့ သတင်းကြားတော့ စိတ်မကောင်းဘူး။ ဘယ်လို ပြောပြရမှန်းတောင် မသိဘူး။ မေချို ထမင်းတောင် မစားနိုင်ဘူး။ သူနဲ့ ဇာတ်ကား အများကြီး တွဲရိုက်ခဲ့တာပါ။ အမှတ်တရတွေလည်း အများကြီးပဲ။ အရမ်း စိတ်မကောင်းဖြစ်ရတယ်။ မနက်ဖြန် သူ့အတွက် ဝါဆို သင်္ကန်းလေး ကပ်ပြီး အလှူလေး လုပ်ပေးမယ်”
သရုပ်ဆောင် လူမင်း
“ဦးကျော်ဟိန်းဆိုတာ ဒီနေ့ ဒီချိန်ထိ စံထားပြီး အတုယူ လေးစားရတဲ့ တကယ့် ဝါရင့် သမ္ဘာရင့်၊ သရုပ်ဆောင်နဲ့ ပတ်သက်ရင် တဖက်ကမ်းခပ် တော်တဲ့ အနုပညာရှင်တယောက်ပေါ့။ သူ့ဘဝကိုလည်း အပြောင်းအလဲကို စိတ်နိုင်စွာ သာသနာ့ဘောင် ဝင်ရောက်သွားတယ်။ ရဟန်းဝတ်နဲ့ပဲ ဘဝတပါး ပြောင်းသွားတယ်။ သူကွယ်လွန်သွားတဲ့အထိ သူ့အကြောင်းကတော့ ပြောလို့ ဆုံးမှာ မဟုတ်ဘူး”
“နာမည်ကျန်ရစ်ဦးမယ့် အနုပညာရှင်တယောက်ပါ။ ကျန်းမာရေး မကောင်းတာတော့ သတင်းကြားပါတယ်။ အခုလောက် စောစောဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ အခုလို အနုပညာရှင် ကြွေလွင့်တဲ့ အတွက်လည်း စိတ်မကောင်း နှမြောတသ ဖြစ်ရပါတယ်”လို့ လူမင်းက ပြောပါတယ်။
သရုပ်ဆောင် ကျော်ကျော်ဗိုလ်
“ကျနော်တို့ အနုပညာလောကအတွက် ဆုံးရှုံးမှု တခုပါပဲ။ ကျနော်တို့ရဲ့ အနုပညာဖြတ်သန်းမှု ဘဝအစမှာ ဦးကျော်ဟိန်းက ကျနော်တို့ကို ကူညီခဲ့တယ်၊ ဖေးမခဲ့တယ်။ သင်ကြား ပြသခဲ့တယ်။ ကျနော့်ရဲ့ လက်ဦးဆရာထဲမှာလည်း ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူသွားတယ်လို့ ကျနော်တို့ကသတ်မှတ်ပါတယ်။ ကျနော်ရဲ့ ပထမဆုံး ဇာတ်ကားက ဦးကျော်ဟိန်းနဲ့ ရိုက်တဲ့ကား၊ ကျနော့်အတွက် အမှတ်တရပေါ့။ အခုလို ကွယ်လွန်သွားတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်”
သရုပ်ဆောင် ဘိုမ
“ဦးကျော်ဟိန်း ကွယ်လွန်သွားတာ သိရတော့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ သင်ဆရာ၊ မြင်ဆရာတွေထဲက ဆရာတယောက်ပါ။ အခုလို ဆုံးသွားတော့ အရမ်းဝမ်းနည်းရပါတယ်။ ဦးကျော်ဟိန်းနဲ့ အမှတ်တရ ဆိုရင် ဦးကျော် ဆုံးမတာလေးပေါ့။ “အလုပ်တခု လုပ်ရင် အောင်မြင်အောင် လုပ်ရမယ်၊ အောင်မြင်ပြီးသွားရင်လည်း ကျရှုံးမှု မဖြစ်အောင် ထိန်းသိမ်းရမယ်။” ဦးကျော်က အဲ့လိုလေး ဆုံးမတာတွေ အရမ်းသတိရတယ်”လို့ ဘိုမက ပြောပါတယ်။
သြစတေးလျနိုင်ငံမှာ သီတင်းသုံး နေထိုင်ခဲ့တဲ့ ဆရာတော် ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) ဟာ သက်တော် ၇၃ နှစ်၊ ဝါတော် ၁၂ ဝါ ရှိပြီဖြစ်ပြီး ယနေ့၊ ဇူလိုင်လ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၉ နာရီ ၂၇ မိနစ်မှာ ၉၆ ပါးရောဂါနဲ့ ပျံလွန်တော်မူ သွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ဆိုင်စွာပဲ ဒီနေ့ဟာ သရုပ်ဆောင် ဒွေး (ခ) ကိုသားကြီး ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်နေ့လည်း ဖြစ်ပါတယ်။
You may also like these stories:
မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝအကြောင်း