Entertainment

မင်းသားကြီး အမီတာဘဂျမ်း COVID-19 ကူးစက်ခံရ

နာမည်ကျော် ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်းဟာ COVID-19 ကူးစက်ခံခဲ့ရကြောင်း ဆေးစစ်အဖြေ ထွက်ခဲ့ပြီးတဲ့နောက် မွမ်ဘိုင်းမြို့မှာရှိတဲ့ ဆေးရုံတခုမှာ တက်ရောက် ကုသမှုခံယူခဲ့ရတယ်လို့သိရပါတယ်။

အသက် ၇၇ နှစ်အရွယ်၊ မင်းသားကြီး အမီတာဘဂျမ်းဟာ အဲ့ဒီသတင်းကို Twitter ကနေ  အတည်ပြုခဲ့တာဖြစ်ပြီး သူ့ရဲ့ မိသားစုနဲ့ ဝန်ထမ်းတွေလည်း ဆေးစစ်ခံထားရတယ်လို့ ဆိုပါတယ်။ မင်းသားကြီးရဲ့သားဖြစ်သူ မင်းသား Abhishek Bachchan ဟာလည်း COVID-19 ကူးစက်ခံထားရကြောင်း ဆေးစစ်အဖြေ ထွက်ထားတယ်လို့ သိရပါတယ်။

မင်းသားကြီး ဘဂျမ်းက “ကျနော် COVID-19 ရောဂါ Positive စမ်းသပ် တွေ့ရှိပါတယ်။ ဆေးရုံတက်ခဲ့ရပါတယ်။ မိသားစုနဲ့ ဝန်ထမ်းတွေ ဆေးကုသမှုခံယူဖို့ ဆေးရုံကနေ အာဏာပိုင်တွေဆီ သတင်းပို့ပါတယ်။ ရလဒ်တွေကို စောင့်နေဆဲပါ။ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ကျနော်နဲ့ အနီးကပ် ထိတွေ့ခဲ့တဲ့သူအားလုံးကို စမ်းသပ်မှုခံယူဖို့ မေတ္တာရပ်ခံထားပါတယ်”လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက် ညပိုင်းမှာပြောဆိုခဲ့ပါတယ်။

ဆေးရုံမှာ ရှိနေတဲ့ သတင်းရင်းမြစ်တွေရဲ့အဆိုအရ မင်းသားကြီးဟာ အသက်ရှုရ ခက်ခဲမှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဆေးရုံမှ ဆရာဝန်တဦးက “သူဟာ အသေးစား အသက်ရှုရ ခက်ခဲတာမျိုး ရှိနေပေမယ့် တည်ငြိမ်ပါတယ်။ ဒါပေမဲ့ တီဘီရောဂါအပါအဝင် အရင်က ရောဂါအခံနဲ့ သူ့ရဲ့ အသက်အရွယ်ကြောင့် သူ့အခြေအနေဟာ ပိုဆိုးရွားလာနိုင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်၊ ည ၁၀ နာရီလောက်မှာ သူ့ကို ဆေးရုံတင်ခဲ့တာလည်းဖြစ်ပါတယ်။ တခြားဘောလိဝုဒ်သရုပ်ဆောင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက မင်းသားကြီး အမြန်ဆုံး ပြန်လည်သက်သာလာ စေရေးအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။

အိန္ဒိယကျန်းမာရေးဝန်ကြီး Harsh Vardhan က “ခင်ရတဲ့ အမီတာကြီးရေ၊ ခင်ဗျားအမြန်ဆုံး ပြန်လည်သက်သာစေရဖို့ ဆုတောင်းကြတဲ့ တနိုင်ငံလုံးနဲ့ ကျနော် ပူးပေါင်းပါတယ်။ ခင်ဗျားဟာ ဒီနိုင်ငံက လူသန်းပေါင်းများစွာရဲ့ Idol လည်း ဖြစ်ပါတယ်။ ထင်ရှားတဲ့ စူပါစတားလည်းဖြစ်ပါတယ်။ ကျနော်တို့အားလုံး ခင်ဗျားကို အကောင်းဆုံး စောင့်ရှောက်ပါ့မယ်။ အမြန်ဆုံး ပြန်လည်သက်သာလာပါစေဖို့ဆုတောင်းပေးလိုက်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

မင်းသားကြီးနဲ့အတူ “Pink” နဲ့ “Badla” ရုပ်ရှင်တွေမှာ အတူပါဝင်ခဲ့တဲ့ မင်းသမီး Taapsee Pannu က “အမြန်ဆုံး ကျန်းမာပျော်ရွှင်ပါစေ” လို့ ဆုတောင်းပေးခဲ့သလို မင်းသား Sonu Sood ကလည်း “ဆရာ အမြန်ဆုံး သက်သာပါစေ”လို့ ပြောဆိုခဲ့ပါတယ်။

မင်းသားကြီးဟာ အခုနောက်ဆုံး Amazon Prime ကနေပြသခဲ့တဲ့ “Gulabo Sitabo” ရုပ်ရှင်မှာ ပါဝင်ထားပါတယ်။ သူ့ရဲ့ ရုပ်ရှင်သစ်နှစ်ကားဖြစ်တဲ့ “Jhund” နဲ့ “Chehre” တို့ဟာလည်း ပြသဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူဟာ မင်းသား Ranbir Kapoor ၊ မင်းသမီး Alia Bhatt တို့နဲ့အတူ “Brahmastra” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်နေပါတယ်။

Ref: hindustantimes

Loading