ပြည်သူတွေအားလုံး ချစ်ခင် အားပေးရတဲ့ မင်းသားကြီး ကျော်ဟိန်း (ဆရာတော် ဦးကိတ္တိသာရ) ဟာ ဇူလိုင် ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၉ နာရီ ၂၇ မိနစ် အချိန်က ဩစတေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ ပျံလွန်တော်မူသွားခဲ့ပါတယ်။
ထိတ်ထိတ်ကြဲ စွယ်စုံရ အနုပညာရှင်တဦး ဖြစ်ခဲ့တဲ့ မင်းသားကြီး ကျော်ဟိန်း ဆုံးရှုံးမှုအပေါ် အနုပညာလောကသားတွေက ကြေကွဲ ဝမ်းနည်း နှမြောတသ ဖြစ်နေကြပါတယ်။ ဦးကိတ္တိသာရ (မင်းသား ကျော်ဟိန်း) အပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကားများကို စုစည်း ဖော်ပြ လိုက်ပါတယ်။

“ကျောင်းသူ ဘဝကနေ သရုပ်ဆောင် မို့မို့မြင့်အောင် ဖြစ်အောင် အနုပညာတွေ တတ်အောင် သင်ပေးတဲ့၊ ခွန်အားတွေပေးတဲ့ လမ်းပြကြယ်ကြီးပါ။ မို့အတွက် ဆုံးရှုံးမှု အကြီးကြီးပါပဲ။ မို့ အနုပညာမှာဈေးကွက်ပြောရင် မိန်းမ ကျော်ဟိန်းလို့ တင်စားခံရပါတယ်။ မို့ ဆရာတွေ မရှိတော့ဘူး။ ဆရာ မောင်တင်ဦးလည်း ဆုံးပြီ။ အခု ဆရာ ဘုန်းဘုန်းကြီး ကျော်ဟိန်းလည်း ဆုံးပြီ။ မို့ ခံစားလိုက်ရတာ။ ဆုံးရှုံးလိုက်ရတာ”
“မို့နဲ့ ကားရိုက်ရင် ငိုတဲ့အခန်းပါရင် မို့က မျက်ရည်အစစ်နဲ့ ငိုတော့ နှပ်တွေထွက်လို့ နှပ်ညှစ်ရင် ကျေနပ်တဲ့အပြုံးနဲ့ အရမ်းကောင်း နို့ဆီတွေ ရမယ်ဆိုပြီး စတတ်တဲ့ အသံကို ကြားနေတုန်းပါ။ ဘုန်းကြီးဝတ်နဲ့ နောက်ဆုံး ဘုန်းဘုန်းကြီးဘဝနဲ့ တွေ့ရတော့ တွေ့တွေ့ချင်း သမီး အနုပညာတွေလောဘ မကြီးနဲ့နော်လို့ဆူမယ် အောက်မေ့တာ”
“သမီးမို့မို့ အနုပညာတွေ ရပ်မပစ်နဲ့နော်။ ဆက်လုပ်ရမယ်လို့ သတိတွေ တွန်းအားတွေ အများကြီးနဲ့ ပြောတာ မို့ တအံ့တသြ ဖြစ်ရပါတယ်။ အဲဒီတုန်းကလည်း တဝကြီး ငိုခဲ့ရသေးတယ်။ အခုလည်း တဝကြီး ငိုပါရစေ”လို့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်က ဝမ်းနည်းစကား ဆိုထားပါတယ်။

“ဘဝမှာ ဇာတ်ကား တကားပဲ ဦးကျော်ဟိန်းနဲ့ ဆုံခဲ့ဖူးတယ်။ ကိုယ်အရမ်း လေးစားအားကျရသော သူ၊ အနုပညာရှင်အသစ်လေးတွေ များစွာကို မြေတောင် မြှောက်ပေးခဲ့တဲ့သူ၊ ပြည်သူတွေအတွက် ပညာရစေမယ့် ဇာတ်ကားပေါင်းများစွာ ရိုက်ခဲ့ပြီး ပြည်သူတွေရဲ့ ဘဝတွေကို ပြောင်းလဲစေခဲ့တဲ့သူ၊ ရုပ်ရှင်လောကမှာလည်း ပြောင်းလဲခြင်းတွေ လုပ်ပေးခဲ့တဲ့သူ”
“သူ့ရဲ့ သရုပ်ဆောင်ပညာရပ်ဟာ နှစ်ယောက် မရှိအောင် တော်လွန်းတဲ့သူ၊ ရုပ်ရှင်လောကကနေ ထွက်ခွာပြီး ဘုန်းကြီးဝတ်သွားတော့လည်း သူ့ဘဝအတွက် သံသရာ ဘဝအဆက်ဆက်အတွက် ဝတ်သွားတယ်ဆိုပေမယ့် ကိုယ်ကလည်း သူ့ပရိတ်သတ် ဆိုတော့ သူ့ရဲ့ ရုပ်ရှင်သစ်တွေ ဆက်မကြည့်ရတော့ ဘူးဆိုတာကြောင့် ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရတယ်”လို့ ဥက္ကာမင်းမောင်က ဆိုထားပါတယ်။
ဆက်လက်ပြီး “အဲ့လို လူ့ဘောင် လောကကို လုံးဝ စွန့်ပစ်ဖို့က မလွယ်ဘူးလေ။ တကယ်ကို လေးစားစရာပါ။ သူ့ဘဝမှာ သူလုပ်ချင်တာတွေချည်းပဲ သူလုပ်သွားတာ။ အရမ်းလည်း တော်တဲ့ တန်ဖိုးရှိတဲ့ သူတယောက်၊ အခုလို ဘဝတပါးသို့ ပြောင်းပြီး ပျံလွန်တော်မူသွားတယ်ဆိုတဲ့ သတင်းကြားတော့ စိတ်ထဲ တော်တော် မကောင်းလိုက်တာ”
“သူ့ရဲ့ နာမည် ဂုဏ်သတင်းနဲ့ သူရေးခဲ့တဲ့ သမိုင်းဟာ လူသေပေမယ့် ဘယ်တော့မှ တိမ်မြှုပ် ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ သူနဲ့ ဆုံခွင့်ရခဲ့တာ ကံကောင်းတယ်လို့ ခံစားရတယ်။ “ဘာ” ဆိုတဲ့ ဇာတ်ကားလေး ရိုက်ခဲ့တဲ့အချိန်တွေကိုလည်း အခုထိ အမှတ်ရနေဆဲပါ။ အဲ့ဇာတ်ကားမှာ ငိုလိုက်ရတာဆိုတာ ငိုခန်းတွေ အများကြီးပဲ။ မှတ်မိသေးတယ်။ ကောင်းရာ သုဂတိလားပါစေ။ ဖြစ်လေရာ ဘဝမှာ အေးချမ်းပါစေ”လို့ ဥက္ကာမင်းမောင်က ဝမ်းနည်းစကား ဆိုထားပါတယ်။

“အဖေ တယောက်လို၊ ဆရာတယောက်လို သွန်သင်ဆုံးမပေးခဲ့တယ်။ တသက် မမေ့ပါဘူး။ ဘဝမှာ တန်ဖိုးဖြတ်မရတဲ့ ဆုံးရှုံးမှုကြီးတခုကို ဆုံးရှုံးသွားရသလို ခံစားရပါတယ်။ အဖေ ဆရာနဲ့ ရိုက်ထားခဲ့ဖူးတဲ့ စုထားမိသလောက် ပိုစတာလေးများ အမှတ်တရ ရှိနေသေးတယ်”
“မွေးလတူ၊ မွေးရက် ၅ ဂဏန်းတူ၊ ရာသီဖွားတူ၊ လက္ခဏာ လမ်းကြောင်းတွေ တူတဲ့ ဆရာ့ တပည့်တယောက် အနေနဲ့ နင့်နေအောင် ခံစား ကြေကွဲရပါတယ်။ နောက်နှစ် သြစတြေးလျကို သွားတွေ့ဖို့ စီစဉ်ထားတာ ခုတော့ တွေ့ခွင့်မရတော့ဘူးပေါ့”လို့ ကျော်ဟိန်းရဲ့ တပည့်ရင်း သရုပ်ဆောင် ခွန်းဆင့်နေခြည်က စိတ်မကောင်းစကား ဆိုထားပါတယ်။
မင်းသားကြီး ကျော်ဟိန်းဟာ ၁၉၆၇ ခုနှစ်မှာ ရုပ်ရှင်လောကကို စတင် ဝင်ရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်ထိ အနုပညာ သက်တမ်း နှစ်ပေါင်း ၄၁ နှစ်အတွင်း ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ကားပေါင်း ၂၂၂ ကား ရှိပြီး ဗီဒီယို ကားပေါင်း ၃၆၂ ကားနဲ့ သီဆိုခဲ့တဲ့ သီချင်းခွေပေါင်း ၁၄ ခွေအထိ ရှိခဲ့ပါတယ်။
ကျော်ဟိန်းဟာ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့မှာတော့ ရုပ်ရှင်လောကက အနားယူပြီး ရဟန်းဝတ်ခဲ့ပါတယ်။ ဘွဲ့တော်က ဦးကိတ္တိသာရ ဖြစ်ပြီး ရဟန်းမဝတ်ခင်ကလည်း “ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်”လို့ အမည်ပေးပြီး မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့ပါတယ်။
သြစတေးလျနိုင်ငံမှာ သီတင်းသုံး နေထိုင်ခဲ့တဲ့ ဆရာတော် ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) ဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၇၃ နှစ်၊ ဝါတော် ၁၂ ဝါ ရှိပြီဖြစ်ပါတယ်။ တိုက်ဆိုင်စွာပဲ ဇူလိုင်လ ၁၁ ရက်နေ့ဟာ ကျော်ဟိန်းရဲ့ တူဖြစ်သူ သရုပ်ဆောင် ဒွေး (ခ) ကိုသားကြီး ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်နေ့လည်း ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ဦးကိတ္တိသာရ (ကျော်ဟိန်း) အပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား
မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝအကြောင်း
ကျော်ဟိန်းကတော့ ကျော်ဟိန်းပါပဲ