ကိုဗစ်ကာလမှာ ရိုက်ကူးရေးတွေ ရပ်နားထားတာကြောင့် အလုပ်မရှိတဲ့ အတွက် ဝင်ငွေ လျော့နည်းနေပြီး ရိုက်ကူးရေးတွေ ပြန်စမယ့်ရက်ကို စောင့်နေရတယ်လို့ သရုပ်ဆောင် ဇင်မျိုးက ပြောပါတယ်။
“ကိုဗစ်ကာလမှာ အကုန်လုံး အလုပ် မရှိဘူး။ ကျနော်လည်း အလုပ်မရှိဘူး။ လုပ်တတ်တာကလည်း အနုပညာအလုပ်ပဲ လုပ်တတ်တာဆိုတော့ အနုပညာပဲ စိတ်ထဲမှာထည့်၊ ခေါင်းထဲမှာ ထည့်ထားတာပေါ့။ အခုလိုဖြစ်တော့ ဝင်ငွေတွေ လျော့ကုန်တာပေါ့။ အခုတော့ ထိုင်စားပေါ့။ စီးပွားရေးကတော့ စိတ်ပဲ ရှိတယ်။ မလုပ်နိုင်သေးဘူးပေါ့။ ဇွဲရှိရှိနဲ့ သရုပ်ဆောင် အလုပ်လေးပဲ စောင့်နေတာပေါ့”
“ကိုဗစ်ပြီးသွားရင် ကျနော် ဇာတ်လမ်းတွဲ ရိုက်ထားတာ ရှိတယ်။ မပြီးသေးဘူး။ ကျနော် ၁ လလောက်ပဲ ရိုက်ရသေးတယ်။ နောက် ကိုပေါက်နဲ့ ယောမှာ ရိုက်နေတဲ့ ကားရှိတယ်။ စီးရီးတွဲလည်း ရိုက်ဖို့ရှိတယ်။ ၁၅ ရက် တခါ တိုးတိုးနေတော့ မျှော်လင့်ချက်ကတော့ အားနည်းသွားတာပေါ့။ ၁၅ ရက်ပြီးရင် ရိုက်ရပြီဆိုပြီး အားတင်းနေတာ ၁၅ ရက်တခါ တိုးတော့ အားလျော့လာတာပေါ့”လို့ ဇင်မျိုးက ပြောပါတယ်။
အနုပညာလောကမှာ ရပ်တည်လာတာ နှစ် ၂၀ နီးပါး ရှိပြီဖြစ်တဲ့ ဇင်မျိုးက အရင်ခေတ်တုန်းက သရုပ်ဆောင်အဖြစ် ဖြတ်သန်းခဲ့ပုံနဲ့ အခုခေတ်ရဲ့ ကွာခြားပုံလည်း အခုလို ဆိုပါတယ်။
“အနုပညာလောကမှာ ရပ်တည်လာတာလည်း ကြာပြီ။ ကြိုးစားခဲ့ရတဲ့ အခက်အခဲတွေကလည်း အများကြီးပဲ။ ကျနော်တို့ စရိုက်တုန်းက ဖလင်ခေတ်၊ ကိုယ့်ရိုက်ရမယ့် ကားဆိုလည်း ကိုယ့်ကို တော်တော် ယုံကြည်မှ ခေါ်ရိုက်တာ။ အသစ်တယောက်ကိုတော့ မရိုက်ရဲကြဘူး”
“ဖလင်တွေက ဈေးကြီးတော့ သရုပ်ဆောင်ရတဲ့သူတွေ နည်းတာပေါ့။ ကျနော်တို့ တော်တော် ကြိုးစားခဲ့ရတယ်။ နောက်ပိုင်း ဗီဒီယိုတွေ ရိုက်ရတော့ ဗီဒီယိုတွေမှာ အဖွဲ့တွေ အများကြီး ဖြစ်သွားတယ်။ အသစ်တွေရော အဟောင်းတွေရောနဲ့ ဆုံတယ်။ ကိုယ်ချင်းစာစိတ်လေးနဲ့ပဲ ကျနော် ရပ်တည်လာတာပါ” လို့ ဇင်မျိုးက ပြောပါတယ်။
ဆက်လက်ပြီး ဇင်မျိုးက သရုပ်ဆောင် တယောက်ဖြစ်ချင်တဲ့အတွက် ကျရာ ဇာတ်ရုပ်ကိုသာ အကောင်းဆုံး သရုပ်ဆောင်ခဲ့ပြီး ကြိုးစားနေတယ်လို့ ပြောပါတယ်။
“ဒီအလုပ်ကို ကျနော်လုပ်တာ သရုပ်ဆောင်တယောက် ဖြစ်ချင်တာ။ မင်းသားလည်း လုပ်တာ မဟုတ်ဘူး။ သရုပ်ဆောင်တယောက် ဖြစ်ချင်တဲ့အတွက် သရုပ်ဆောင် အရည်အချင်းနဲ့ပဲ ကျရာနေရာမှာ အကောင်းဆုံး ကြိုးစားသရုပ်ဆောင်တယ်။ ဇာတ်ကတော့ ဇာတ်တခုလုံးကို ပို့ရတာပဲ။ ဒီအလုပ်က ကျနော့်ရဲ့ ထမင်းရှင်၊ ကျနော့်ရဲ့ ဘဝ၊ အဲ့အတွက် ဘယ်နေရာပဲဖြစ်ဖြစ် ကျရာနေရာမှာ သရုပ်ဆောင်မယ်” လို့ ဇင်မျိုးက ပြောပါတယ်။
သရုပ်ဆောင် ဇင်မျိုးကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာမှာ ကျရာ ဇာတ်ရုပ်နေရာများမှာ ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ပို့ သရုပ်ဆောင်တဦး ဖြစ်ပြီး ယခုနောက်ပိုင်း ဇာတ်လမ်းတွဲများမှာလည်း ပါဝင် သရုပ်ဆောင်နေတာ တွေ့ရပါတယ်။