ဘောလိဝုဒ် မင်းသမီး Aishwarya Rai မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း မွမ်ဘိုင်းမြို့ အာဏာပိုင်တွေက ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒါဟာ မင်းသမီးရဲ့ ယောက္ခမဖြစ်သူ မင်းသား အမီတာဘဂျမ်း COVID-19 ကူးစက်ခံရပြီးနောက် ဆေးရုံတက်ပြီး တရက်အကြာမှာ အဲ့ဒီသတင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မင်းသမီးရဲ့ အသက် ၈ နှစ်အရွယ် သမီးဖြစ်မှာ Aaradhya လည်း COVID-19 ကူးစက်ခံထားရတယ်လို့ Brihanmumbai မြူနီစပယ်အရာရှိတဦးက ဆိုပါတယ်။
အမီတာဘဂျမ်းရဲ့ သားဖြစ်သူ မင်းသား Abhishek (မင်းသမီး Rai ရဲ့ ခင်ပွန်း) လည်း COVID-19 ရောဂါ Positive အဖြေ ထွက်ထားပေမယ့် သူတို့နှစ်ဦးလုံးဟာ အပျော့စား ဝေဒနာတွေကိုသာ ခံစားနေရတယ်လို့ ဆိုပါတယ်။
မင်းသမီး Aishwarya Rai Bachchan ဟာ ၁၉၉၄ ခုနှစ်မှာ မယ်ကမ္ဘာဆုကို ရရှိခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းတွေမှာ သူရဲ့ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
မင်းသမီးဟာ အိန္ဒိယနိုင်ငံမှာရော၊ နိုင်ငံရပ်ခြားမှာပါ နာမည်အကျော်ကြားဆုံး အိန္ဒိယအနုပညာရှင် တဦး ဖြစ်လာခဲ့ပြီး ကိန်းစ်ရုပ်ရှင်ပွဲတော်ကိုလည်း နှစ်စဉ်လိုလို တက်ရောက်ခဲ့ပါတယ်။ သူဟာ မင်းသား Abhishek Bachchan နဲ့ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။
“Big B” လို့ လူသိများတဲ့ အသက် ၇၇ နှစ်အရွယ်မင်းသားကြီး အမီတာကတော့ အနုပညာလုပ်ငန်းထဲမှာ ကျင်လည်နေတာ အခုဆိုရင် ဆယ်စုနှစ် ၄ စု ကာလကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
မင်းသားကြီးဟာ ၁၉၉၉ ခုနှစ်တုန်းက ဘီဘီစီရဲ့ အွန်လိုင်းမဲပေးမှုမှာ “ထောင်စုနှစ်ရဲ့ သရုပ်ဆောင်” အဖြစ် ရွေးချယ်ခံခဲ့ရပြီး လန်ဒန်မြို့မှာရှိတဲ့ Madame Tussauds ဖယောင်းပြတိုက်မှာ ရုပ်တုအဖြစ် ပထမဆုံး ထားရှိခံရတဲ့ အိန္ဒိယသရုပ်ဆောင် ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က အိန္ဒိယနိုင်ငံမှာ တရက်တည်း COVID-19 ရောဂါ ကူးစက်ခံရသူ ၂၈,၀၀၀ ကျော်ရှိပြီး စုစုပေါင်း ရောဂါကူးစက်ခံထားရသူ ၈ သိန်းခွဲကျော်အထိ ရှိပြီ ဖြစ်ပါတယ်။ လူဦးရေ ၁ ဒဿမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်နဲ့ ဘရာဇီးတို့ပြီးရင် တတိယမြောက် ရောဂါကူးစက်ခံရသူ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
Ref: straitstimes
You may also like these stories:
မင်းသားကြီး အမီတာဘဂျမ်း COVID-19 ကူးစက်ခံရ
Irrfan Khan ဆီကနေ အရာအားလုံး ခိုးယူချင်တယ်လို့ Tom Hanks ပြော