တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကျော် ရုပ်သံအစီအစဉ် “Running Man” ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာပဲ ၁၀ နှစ်ပြည့် နှစ်ပတ်လည်ကို ကျော်လွန်ခဲ့ပြီး SBS ရုပ်သံလိုင်းရဲ့ အရှည်အကြာဆုံး ထုတ်လွှင့်နိုင်ခဲ့တဲ့ ကဏ္ဍစုံအစီအစဉ် ဖြစ်လာတယ်လို့ သိရပါတယ်။
နာမည် ကျော်ကြားသူတွေက တယောက်နောက်ကို တယောက် လိုက်ကြပြီး အချင်းချင်းတွေရဲ့ နာမည်ကတ်တွေကို ဆွဲဖြုတ်ဖို့ ကြိုးစားကြတဲ့ အဲ့ဒီအစီအစဉ်ဟာ တောင်ကိုရီးယားမှာရော နိုင်ငံရပ်ခြားနိုင်ငံတွေမှာပါ အထူးအောင်မြင် ကျော်ကြားပါတယ်။
၂၀၁၀ ပြည့်နှစ်တုန်းက SBS ရဲ့ “Good Sunday” အစီအစဉ်ရဲ့ အပိုင်းတခုအနေနဲ့ စတင်ပြခဲ့တဲ့ “Running Man” အစီအစဉ်ဟာ “Good Sunday” အစီအစဉ်ရပ်ဆိုင်းသွားခဲ့တဲ့ ၂၀၁၇ ခုနှစ် မတ်လမှာ ကိုယ်ပိုင်အစီအစဉ် တခုအနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီ “Running Man” အစီအစဉ်ဟာ ကိုရီးယား ရုပ်သံအစီအစဉ်သမိုင်းမှာတော့ တတိယမြောက် သက်တမ်းအရှည်ကြာဆုံး အစီအစဉ်လည်း ဖြစ်ပါတယ်။
“Running Man” အစီအစဉ်ဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ တောင်ကိုရီးယား ရုပ်သံအစီအစဉ်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ပြီး နိုင်ငံရပ်ခြား ပရိသတ်အဖွဲ့တွေ ပေါ်ပေါက်လာတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
“Running Man” အစီအစဉ်ဟာ တခြားအာရှနိုင်ငံတွေမှာလည်း အသစ်ပြန်လည် ဖန်တီးတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ တရုတ်၊ ဂျပန်၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ အပါအဝင် နိုင်ငံ ၉ နိုင်ငံမှာ အစီအစဉ်ကို သူတို့ရဲ့ ဒေသဆိုင်ရာ ပုံစံအနေနဲ့ ပြန်လည် ဖန်တီးခဲ့ကြပါတယ်။ အဲ့ဒီအစီအစဉ်ဟာ ဒုက္ခမျိုးစုံနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။
၂၀၁၆ ခုနှစ်၊ ဒုတိယနှစ်ဝက် ကာလမှာ အဓိက ထုတ်လုပ်သူတွေက တရုတ် အစီအစဉ်ဘက်ကို ပြောင်းရွှေ့သွားတာကြောင့် လူကြည့်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ပုံမှန် အဖွဲ့ဝင်အဖြစ် ၆ နှစ်ကြာ ပါဝင်ခဲ့တဲ့ Gary ရုတ်တရက် နုတ်ထွက် သွားချိန်မှာလည်း အစီအစဉ်အတွက် အခက်အခဲဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲ့ဒီ နာမည်ကျော် အစီအစဉ်ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ ရပ်ဆိုင်းတော့မလို ဖြစ်ခဲ့ပေမယ့် ဂျောင်ဆိုမင်နဲ့ ယန်ဆဲချန်တို့ကို အဖွဲ့ဝင်အသစ်အဖြစ် ထည့်သွင်းလိုက်တာကြောင့် တဖန် လူကြည့်များလာခဲ့ပါတယ်။
ပရိသတ်တွေကတော့ “Running Man” အစီအစဉ်မှာ ပါဝင်မယ့် ဧည့်သည်တော်တွေကို ရွေးချယ်မှုနဲ့ ပတ်သက်လို့ သဘောကျ နှစ်ခြိုက်ခဲ့ကြပါတယ်။ တက်သစ်စ အနုပညာရှင်များက စလို့ တကယ့် နာမည်ကျော်ကြားသူတွေ၊ အားကစားသမားတွေ၊ သရုပ်ဆောင်တွေအထိ ပါဝင်ခဲ့ကြပါတယ်။
အစီအစဉ်ရဲ့ (၁၀) နှစ်ပြည့် နှစ်ပတ်လည် အဖြစ် “Running Man” အစီအစဉ်ရဲ့ပုံမှန်အဖွဲ့ဝင် ၈ ဦးနဲ့အတူ ပထမဆုံး Live Show တခုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
Ref: koreaherald
You may also like these stories:
ဇူလိုင်လအတွင်း ပြသမယ့် ကိုရီးယားဇာတ်လမ်းတွဲအသစ်များ
မိသားစုအားလုံး အကြိုက်တွေ့မယ့် ကိုရီးယားရသစုံ Show များ