ယနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တဲ့ လူရွှင်တော် မန်းဝင်းနဲ့ ပတ်သက်ပြီး မန်းဝင်းနဲ့ ရင်းနှီးတဲ့ အဆိုတော် နီတာဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ မန်းဝင်းကို ဆေးရုံမှာ သွားရောက် တွေ့ဆုံပြီး စကားတွေ ပြောခဲ့ပေမယ့် ဒီနေ့မှာ ရုတ်တရက် ဆုံးပါးသွားတာကြောင့် မယုံနိုင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“လွန်ခဲ့တဲ့ ၁ ရက်ကျော်က သွားတွေ့တုန်းက စကားတွေပြောပြီး နောက်နေ့ ရယ်နေသေးတယ်။ ရယ်ပြီးသဘောကျနေသေးတယ်။ ဒီနေ့ မနက်က ရုတ်တရက်ကြီး ဆုံးတယ် ကြားတော့ မယုံနိုင်ဘူး။ ဒါပေမဲ့ မိသားစုတွေက ပြောတော့ လက်မခံချင်ဘဲ လက်ခံလိုက်ရတာပေါ့။ ကျနော် တကယ်ရင်ထဲကနေ အရမ်း ဝမ်းနည်းပါတယ်”
“ကိုယ်က သူ့ပရိသတ်လည်း ဖြစ်သလို သူ့မိသားစုဝင်လိုလည်း ဖြစ်နေတာလေ။ သူကလည်း သားတယောက်လိုပဲ ဖြစ်တယ်။ ကျနော်ကလည်း သူ့ကို အရမ်းချစ်တယ်” လို့ နီတာက ပြောပါတယ်။
ဒါ့အပြင် လူရွှင်တော် မန်းဝင်းဟာ အဆိုတော် နီတာ COVID-19 ရောဂါ ဖြစ်နေစဉ် ကာလအတွင်း သူ့အား နေ့တိုင်း ဖုန်းဆက် သတင်းမေးခဲ့တာကြောင့် ဝမ်းနည်းရတယ်လို့ နီတာက ဆိုပါတယ်။
“ကျနော် ကိုဗစ်ဖြစ်ပြီး ဆေးရုံတက်တဲ့အချိန်မှာ သူက အရမ်းစိတ်ပူပြီးတော့ နေ့တိုင်းဖုန်းဆက်တယ်။ သားပြန်ဆုံရအောင်၊ ပြန်ဆုံရအောင်ဆိုပြီး အမြဲပြောတယ်။ ကျနော် ဆေးရုံက ဆင်းလာပြီးတဲ့အချိန်မှာ သူဦးနှောက်မှာ သွေးခဲတဲ့ဟာနဲ့ ပတ်သက်ပြီး ခေါင်းကို ခွဲလိုက်ရတယ်။ ကိုမာလိုမျိုး ဖြစ်သွားတာ ၁၅ ရက်လောက် ကျနော်ကတော့ မျှော်လင့်ချက်မဲ့သွားပြီလို့ ခံစားရတာ”
“အဲ့အချိန်မှာ ကျနော် အရမ်းချစ်တဲ့ ဦးမန်းဝင်း၊ ကျနော့်ကို အရမ်းချစ်တဲ့ ဦးမန်းဝင်း ပြန်မတွေ့ရတော့ဘူးလားဆိုပြီး စိတ်မကောင်းဖြစ်တယ်”လို့ နီတာက ပြောပါတယ်။
မန်းဝင်း ဆုံးပါးသွားတာကို စိတ်မကောင်းဖြစ်ပေမယ့် တဖက်မှာလည်း ခံစားနေရတဲ့ ဝေဒနာတွေ သက်သာသွားပြီး ကောင်းတဲ့နေရာကို ရောက်မှာပါလို့ ဆိုပါတယ်။
“ဦးမန်းဝင်းက စိတ်ကောင်းရှိတယ်။ ရိုးသားတယ်။ အရမ်းချစ်ဖို့ ကောင်းတယ်။ လူချစ်လူခင်လည်းအရမ်းများတယ်။ အဲ့အပေါ်မှာ ဝမ်းသာရတယ်။ ကျေနပ်မှု ရှိတယ်။ ဒီလို ဆုံးပါးသွားတဲ့အတွက် စိတ်မကောင်းဘူး။ ဒါပေမဲ့ သူ ဒီဘဝကို အဆုံးသတ်တဲ့အချိန်မှာ ကောင်းကောင်းမွန်မွန်လေး ဘဝကူးသွားတဲ့အချိန်မှာ လူတယောက်အနေနဲ့တော့ စိတ်မကောင်းဘူး”
“တဖက်မှာတော့ ရောဂါဝေဒနာ ခံစားနေတာ သက်သာသွားတယ်ဆိုတော့ အကောင်းဆုံးတော့ ဖြစ်သွားတယ်။ သူကိုယ်တိုင်ကလည်း စိတ်ကောင်းရှိတဲ့အတွက် ကောင်းတဲ့နေရာပဲ ရောက်မှာပါ” လို့ နီတာက ပြောပါတယ်။
လူရွှင်တော်ကြီး မန်းဝင်းနဲ့ နီတာရဲ့ခင်မင်ရင်နှီးမှု အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“ရင်းနှီးတာက ကျနော့်ရဲ့အမျိုးသမီးက သာကေတ သန်လျင် အိမ်ရာဝင်းမှာ နေတယ်။ ကျနော်နဲ့ရည်းစား မဖြစ်သေးခင်ကတည်းကလည်း ဦးမန်းဝင်းကို အရမ်းကြိုက်တာ။ ဦးမန်းဝင်းရဲ့အမျိုးသမီးကလည်း ကျနော့် အမျိုးသမီးရဲ့ဆရာမ ဖြစ်ခဲ့တော့လေ။ နီးစပ်နေတာပေါ့”
“ ဦးမန်းဝင်းတို့ အိမ်တို့ ဘာတို့ကို သွားသွားကြည့်တယ်။ အိမ်ရှေ့ကဖြတ်ရင် သူရှိလားဆိုပြီးတော့ သွားသွားကြည့်တာ။ နောက်ပိုင်းကျတော့ ရင်းနှီးသွားတာပေါ့။ သူ့သားသမီးတွေနဲ့လည်း ရင်းနှီးတယ်”
“နောက်ပြီး ဟဲလေးသင်္ကြန် သီချင်း လုပ်တော့ ကဖို့အတွက်ဖြစ်တော့ ဟဲလေးကို အိုင်ဒီယာပေးတယ်။ အဲ့သီချင်းမှာ ဦးမန်းဝင်းနဲ့ ကပါလားလို့။ အဲဒါဆိုပေါက်မှာလို့ ပြောတော့ သူလည်း လက်ခံတယ်။ ဦးမန်းဝင်းဆီကို သွားပြီးတော့ စကားပြောဖြစ်တယ်။ အဲ့သီချင်းလေးကလည်း အောင်မြင်တယ်။ ကျနော့်အိုင်ဒီယာကို ဦးမန်းဝင်းက ကပေးခဲ့တာ”လို့ ပြောပါတယ်။
ဆက်လက်ပြီး “အဲ့နောက်ပိုင်းလည်း အိမ်ကို အမြဲအဝင်အထွက် ရှိတယ်။ အရမ်းလည်း ခင်တယ်။ ကျနော် မလာရင်လည်း ဖုန်းဆက်ခေါ်တယ်။ သားဘယ်ရောက်နေလဲ အိမ်လာပါဦးဆိုပြီး ခေါ်တယ်။ ရင်းနှီးတယ်ဆိုတာထက် ပိုတာပေါ့။ တယောက်နဲ့ တယောက် ချစ်ခင်တယ်ဆိုတဲ့အထိ ဖြစ်တာပေါ့” လို့ နီတာက ပြောပါတယ်။
လူရွှင်တော် မန်းဝင်းဟာ ယနေ့၊ ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံ ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ ကွယ်လွန်သူ မန်းဝင်းအား ကျီစုသင်္ချိုင်းမှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။
You may also like these stories:
“လူရွှင်တော် မန်းဝင်းလို လူမျိုးကို ဆုံးရှုံးရမှာ ကြောက်တယ်”လို့ မတူး ပြော
ဟာသ သရုပ်ဆောင် မန်းဝင်း အရေးပေါ်လူနာအဖြစ် ဆေးရုံတင်ခဲ့ရ
ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်ရမယ့် လူရွှင်တော် မန်းဝင်း
အရေးပေါ်အခြေအနေကြောင့် ဆေးရုံရောက်ခဲ့ကြောင်းပြောတဲ့ လူရွှင်တော်မန်းဝင်း