Entertainment

“မိုးစက်များကပြောသော” Music Video အကြောင်း ရှင်းပြခဲ့တဲ့ ရွှေထူး

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ ဇနီးမောင်နှံ သီဆို သရုပ်ဆောင်ထားတဲ့ “မိုးစက်များကပြောသော” Music Video ကို ဇူလိုင်လ ၁၂ ရက်နေ့က အွန်လိုင်းမှာ တင်ခဲ့ပြီး ဒီထဲမှာ သူတို့ နှစ်ယောက်သရုပ်ဆောင်ထားတဲ့ အကြောင်းအရာများကို ရွှေထူးက ပြန်ရှင်းပြထားပါတယ်။

“ရန်ဖြစ်တဲ့ အခန်းချည်းပဲ ဘာလို့ ကွက်ကွက်ကွင်းကွင်း မြင်အောင် ရိုက်ပြလဲဆိုတော့ ရုပ်ရှင်ထဲမှာဆို ဆင်ဆာထိလောက်မယ်ဗျ။ ဒါမျိုးတွေက Music Video ထဲမှာ ရန်ဖြစ်တဲ့ အကြောင်းအရာကို ကြည့်ပါ။ Anniversary ပျော်ရမယ့် နေ့မှာ ရန်ဖြစ်တာ။ အဲ့ထက်ပေါ့ပါးတဲ့ ပြဿနာတွေနဲ့ ကြီးကြီးကျယ်ကျယ် ရန်ဖြစ်နေတဲ့ အတွဲတွေလည်း အပြင်မှာအများကြီးပါ”

“ဒီ Music Video ထဲကထက် ရိုင်းတဲ့အတွဲတွေလည်း အများကြီးပါ။ အထူးသဖြင့် လူငယ်တွေ ပိုများတာပေါ့။ ငယ်တော့ စိတ်မြန်တယ်။ အမှား ပိုများကြတယ်။ စကား ပိုများကြတယ်။ မာန ပိုထားကြတယ်။ ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေး ရန်ဖြစ်တတ်တဲ့အတွဲတွေတော့ မပါဘူးပေါ့ဗျာ” လို့ ရွှေထူးက ပြောထားပါတယ်။

အဆိုပါ Music Video ရဲ့ပေးချင်တဲ့ အကြောင်းအရာကိုလည်း အခုလို ဆိုပါတယ်။

“Music Video မှာ ကျနော်တို့ ပေးချင်တာကတော့ အရမ်းချစ်ကြတဲ့ အတွဲအတော်များများကို ကြည့်လိုက် ရန်အကြီးအကျယ်ဖြစ်လို့၊ စကားတွေများကြလို့၊ ဘာပြဿနာနဲ့ ဖြစ်တာလဲဆိုရင် ဥပမာ ဖုန်းမဆက်လို့ Message မပို့လို့ စသဖြင့်ပေါ့ဗျာ။ ဘာမှ မဟုတ်ဘူး။ အဲဒီ ဘာမှ မဟုတ်တာကပဲ ပြဿနာ အကြီးအကျယ် တက်ကြတာ ”

“အရမ်းလည်း ချစ်ကြပြီး ပြဿနာတက်တော့လည်း ဘာမဟုတ်တာလေးနဲ့ စကားတွေများ၊ ရန်တွေဖြစ်၊ စကားနာထိုး၊ ရွဲ့စောင်း၊ ဆဲဆို နာကျင်အောင်ပြော၊ မာနတွေထား၊ ပြေပြေလည်လည် ပြောလို့ရလည်း မပြောကြ၊ လက်တွေပါ၊ နောက်ဆုံး အရမ်းချစ်ရက်နဲ့ လမ်းခွဲသွားရတယ်။ အဲ့ဒါဘာကြောင့်လို့ထင်လဲ” လို့ ရွှေထူးက ဆိုထားပါတယ်။

ဒီသီချင်းဗီဒီယိုမှာ သမီးရည်းစား စုံတွဲတတွဲ ရန်ဖြစ်ပြီး လက်ပါကာ ဆဲဆိုထားတဲ့ အပြောအဆိုများ၊ တင်ဆက်မှုများကြောင့် ဘဝင်မကျကြတဲ့သူများကိုလည်း ရွှေထူးက တောင်းပန်ထားပါတယ်။

“Music Video ကို သေချာကြည့်ပါ။ ဘာမဟုတ်တဲ့ ပြဿနာနဲ့ အကြီးအကျယ် စကားတွေများ ဆဲဆိုပြီး လက်တွေပါ၊ ရိုက်ရဲရင် ရိုက်ကြည့် စိန်ခေါ် ၊ တကယ်ကို ဘာမှမဟုတ်တဲ့ ပြဿနာပါ။ တယောက်ယောက်လျှော့ရင် အဆင်ပြေသွားနိုင်ပေမယ့် နှစ်ဖက်လုံး မလျှော့ကြဘူးလေ။ တချို့တွေသဘောပေါက် နားလည်ကြပေမယ့် တချို့တွေအတွက်ကျ ကြည့်ရတာ အရမ်းအကျည်းတန်နေပါလိမ့်မယ်”

“မတတ်နိုင်ဘူးလေ။ အပြင်မှာ အရမ်းချစ်ကြတဲ့ အတွဲတွေ ဒီလိုရန်ဖြစ်ကြတယ်၊ ဒီထက်ပိုဆိုးကြတယ်ဆိုတာ အမှန်တရားပဲ။ ဒီလို ပုံစံမျိုးနဲ့ Music Video တင်ဆက်ပေးတာကို ဘဝင်မကျကြတဲ့ မိဘပြည်သူအချို့ကိုလည်း တောင်းပန်ပါတယ်” လို့ ရွှေထူးက ပြောထားပါတယ်။

“မိုးစက်များကပြောသော” သီချင်းကိုတော့ အဆိုတော် ရွှေထူးက သူ့ရဲ့ဇနီးဖြစ်သူ ရွှေမှုံရတီကို လက်ဆောင်ပေးတာဖြစ်ပြီး Music Video ကိုတော့ ဒါရိုက်တာ ပွင့်သိဂီင်္ဇော်နဲ့ Jason Slip တို့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

You may also like these stories:

မိုးရာသီမှာ သီချင်းသစ် ထွက်မယ့် ရွှေမှုံရတီ

“ကလေးယူဖို့ လိုပါသေးတယ်”လို့ ပြောတဲ့ သရုပ်ဆောင် ရွှေမှုံရတီ

သရုပ်ဆောင်ဘက် ကူးတာ နောက်ကျလို့ ဇာတ်ကားတွေ မရိုက်ခဲ့ရတဲ့ နွယ်ဒါလီထွန်း

Loading