မြန်မာ့ရုပ်ရှင်လောကကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားနိုင်ခဲ့တဲ့ မင်းသားကြီး ကျော်ဟိန်းဟာ တချိန်တုန်းက သရုပ်ပျက် ဝတ်စားဆင်ယင်မှုကြောင့် “ကျော်ဟိန်း အလိုမရှိ” ဆိုပြီး စာနယ်ဇင်းတွေရဲ့ ရေးသားမှုအပြင် လူတွေ့ရဲ့ လက်မခံမူကို ကြုံခဲ့ရဖူးတယ်ဆိုရင် အံ့သြကြလိမ့်မယ်ထင်ပါတယ်။
အဲဒီတုန်းက အနောက်တိုင်းယဉ်ကျေးမှု၊ အနောက်တိုင်းဂီတကို လူတိုင်းလက်မခံနိုင်သေးတဲ့ အချိန် ကျော်ဟိန်းရဲ့ ဝတ်စားဆင်ယင်မှု၊ အသံသေးအသံကြောင်နဲ့ သီဆိုဟန်၊ တွန့်လိမ်ကောက်ကွေးတဲ့ သူ့အမူအရာတွေဟာ လူငယ် တချို့ ကြား ရေပန်းစားကောင်း စားကြပေမယ့် လူကြီးတွေကြားမှာတော့ မျက်စိနောက်စရာ ဝေဖန်စရာ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။
ဒါကြောင့်လည်း တက်သစ်စ မင်းသားဘဝမှာ မြန်မာ့ယဉ်ကျေးမှုကို စင်မြင်ထက်ကနေ လူသိထင်ရှား ဖျက်ဆီးနေသူ၊ ငွေကြေးနဲ့ အဆက်အသွယ်ကြောင့်သာ အနုပညာစင်မြင့်ကို ရောက်လာသူလို့ စာနယ်ဇင်းတွေရဲ့ စာမျက်နှာပေါ်ကနေ ပြင်းပြင်းထန်ထန် ရေးသားခြင်း ခံခဲ့ရပါတယ်။
ကျော်ဟိန်းနဲ့ ပရိတ်သတ်အကြား ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရတဲ့ ပြဿနာကတော့ ၁၉၇၂ခုနှစ်က ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ ကျော်ဟိန်းရဲ့ ဖျော်ဖြေမှု အမူအယာကို မျက်စိနောက်ခဲ့တာကြောင့်လို့ ဆိုရမှာပါ။
အဲဒီတုန်းက စာနယ်ဇင်းတွေမှာ ဖော်ပြတာကတော့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ ဖျော်ဖြေခဲ့တဲ့ ကျော်ဟိန်းရဲ့ ခေါင်းလောင်းဘောင်းဘီ၊ တွန့်လိမ်ကောက် ကွေးတဲ့ အမူအရာ၊ သံသေးသံ ကြောင် ဖျော်ဖြေမှုကို မြို့လူထုက သည်းမခံနိုင်လောက်အောင် ဖြစ်ရတဲ့အတွက် အော်ဟစ်ဆဲဆိုကာ ကျော်ဟိန်း အလိုမရှိ လို့ ကြွေးကြော်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ပျက်ဝတ်စားနေတဲ့ မင်းသားများ စာရင်းမှာ ကျော်ဟိန်းဟာ ထိပ်ဆုံးမှာရှိခဲ့ပြီး၊ သူဟာ အနုပညာနဲ့ ပြည်သူကို ဖျော်ဖြေရမယ့်အစား ခေါင်းလောင်းဘောင်းဘီကို ဝတ်၊ သရုပ်ပျက်သီချင်းကို ဆို၊ ကောက်ကောက် ကွေးကွေး တွန့်လိမ်ကာ ထင်ရာလုပ်ပြတာကြောင့်လို့ ပရိတ်သတ်က သည်းမခံနိုင်တဲ့အဆုံး ပြသနာဖြစ်ရတယ်လို့ ဝေဖန် ရေးသားကြပါတယ်။
ရုပ်ရှင်ထဲမှာတော့ ကျော်ဟိန်းရဲ့ ထင်ရာလုပ် သရုပ်ဆောင်တာတွေ၊ အနောက်နဲ့ အရှေ့ ရောထွေးနေတဲ့ သရုပ်ပျက် တေးသံတွေကို လူတွေက လက်မခံကြပေမယ် ပြန်ပြီး မတုံ့ပြန်နိုင်ခဲ့ဘူး၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာတော့ လူတွေရဲ့ သည်းမခံနိုင်ကြောင်း ပြသခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း ၁၉၇၂ ခုနှစ် နိုဝင်ဘာလ ၂၇ရက်မှာ ကျော်ဟိန်းဟာ စာနယ်ဇင်းပုဂ္ဂိုလ်များနဲ့ ရုပ်ရှင်ကောင်စီခန်းမမှာ သြဝါဒခံယူပြီး ဝန်ချတောင်းပန်ခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ဒီလိုစွပ်စွဲခံရတဲ့ ကျော်ဟိန်းဟာ သူ့ရဲ့ ပရိတ်သတ်ကို ပြန်စုစည်းနိုင်ခဲ့ပြီး၊ ပရိတ်သတ်ကလည်း သရုပ်ဆောင်မှုကို တဖြည်းဖြည်း လက်ခံလာခဲ့ကြတယ် လို့ ဆိုရမှာပါ။

ကျော်ဟိန်းခေတ်လို့ ပြောစမှတ်တွင်လောက်အောင် လူငယ်ထုကြားမှာ သူရဲ့ အမူအယာ၊ ဝတ်စားဆင်ယင်မှု နေထိုင်ပုံ တွေကို အတုခိုးခဲ့ကြတာ အဲဒီခေတ်က လူတိုင်းသိကြမှာဖြစ်ပါတယ်။
၁၉၇၉ ခုနှစ်မှာတော့ ဒါရိုက်တာ ဦးသုခ ရိုက်ကူးတဲ့ အကာက အချစ် အနှစ်ကမေတ္တာ ဇတ်ကားနဲ့ ပထမဆုံး အကယ်ဒမီ ရရှိခဲ့ပြီး၊ ၁၉၈၂ ခုနှစ်မှာတော့ ကိုယ်တိုင်ဒါရိုက်တာ လုပ်ကာ ရိုက်ကူးတဲ့ မွန်းတည့်ချိန်မှာ နေဝင် ဇတ်ကားနဲ့ ဒုတိယအကြိမ် ရရှိပြန်ပါတယ်၊ အဲဒီနောက် ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ နေက မွေးတဲ့လ၊ ဝေလည်းမွှေး ကြွေလည်းမွှေး စတဲ့ ဇတ်ကားတွေမှာ အကယ်ဒမီ ရခဲ့ပြန်ပါသေးတယ်။
၁၉၆၈ ခုနှစ် ဖူးစာလမ်းဆုံ ဇတ်ကားမှာ သရုပ်ဆောင် မောင်ကျော်ဟိန်းအဖြစ်နဲ့ ရုပ်ရှင်လောကကို ဝင်ရောက်လာခဲ့တဲ့ သူ့ကို အငြိမ်းစားခရိုင်ရဲဝန် ဦးဂျွန်မောင်စိန်၊ ဒေါ်ချိုချိုတို့က ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့မှာ မွေးဖွားခဲ့ပြီး ငယ်နာမည် ကျော်ဌေး တဖြစ်လဲ ကျော်ဟိန်းဟာ ရန်ကုန် စမ်းချောင်းသား တဦးလို့ ဆိုရမှာပါ။

မင်းသားကျော်ဟိန်းရဲ့ ဘ၀ကောက်ကြောင်းကို ကြည့်မယ်ဆိုရင် အနိမ့်အမြင့်၊ အတက်အကျ၊ အတိုက်အခိုက်တွေနဲ့ ရှိတာကို မြင်ရမှာဖြစ်ပါတယ်။
မိခင်ဘက်က အေဝမ်း ရုပ်ရှင်မျိုးရိုးဖြစ်ပြီး၊ မြန်မာ့ ပထမဆုံး ရုပ်ရှင်မင်းသား ဦးညီပု၊ မောင်တင်မောင် (ဦးတင်မောင်) တို့ရဲ့ တူတော်ပေမယ့် ငယ်စဉ်က တေပေနေတဲ့ အိမ်ပြေးဘဝကို ဖြတ်သန်းခဲ့သလို၊ ဟိုစဉ်က လူမိုက်ဂိုဏ်းတွေဖြစ်တဲ့ စိန်ဂေါ်လီ ဂိုဏ်းရဲ့ ဂိုဏ်းစတားပေါ့။ ရေတပ်ထဲလည်း ရောက်ခဲ့ဖူးပါတယ်။
ဘိန်းဖြူကို တရှိုက်မက်မက် သုံးရင်း နောက်ပိုင်းမှာတော့ စွန့်လွှတ်ကာ အနုပညာဘက်ကို စောင်းပေးပြီး လုပ်ဆောင် ခဲ့တာကြောင့် အသက် ၆၀ကျော်တဲ့အထိ ရုပ်ရှင်လောကမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။
ကျော်ဟိန်းဟာ ရုပ်ရှင်ကားပေါင်း ၂၂၂ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ကား ရိုက်ကူးခဲ့သလို၊ မျက်ရည်ငှက်များ နားစေသတည်း တေးစီးရီးနဲ့ ဂီတလောကကို ဝင်ရောက်ခဲ့ရာ အဓိပ္ပါယ်ရှိသောလူ၊ စင်ပေါ်က သီချင်းများ စတဲ့ စီးရီးတွေမှာတော့ လူကြိုက်များခဲ့ပါတယ်။
[irrawaddy_sound id=”226218″]
ဒီလိုအောင်မြင်ခဲ့တဲ့ ကျော်ဟိန်းဟာ ၂၀၀၈ ခုနှစ်မှာတော့ အောင်မြင်မှုတွေကို စွန့်လွှတ်ပြီး ရဟန်းဘောင်ဝင်ခဲ့ ပါတယ်။ လောကီကို အဆက်ဖြတ်ပြီး လောကုတ္တရာဘက်ကို ကူးသွားတဲ့ ရုပ်ရှင်လောကသားတွေထဲမှာတော့ ရုပ်ရှင်မင်းသားကြီး ဇေယျ(ရိုးရိုးကြီးဇေယျ)နဲ့ မင်းသားကြီး ကျော်ဟိန်းတို့ဟာ ထင်ရှားပါတယ်။
အခုတော့ မင်းသားကြီး ကျော်ဟိန်းဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၁ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၂၇ မိနစ်မှာ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ကွယ်လွန်ခဲ့ပါပြီ။
ကွယ်လွန်ချိန်မှာတော့ ရဟန်းဝတ်နဲ့ ဖြစ်ပြီး သက်တော်အားဖြင့် ၇၃နှစ်၊ ဝါတော်ကတော့ ၁၂ ဝါပါ။
You may also like these stories:
ဦးကိတ္တိသာရ (ကျော်ဟိန်း) အပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား
မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝအကြောင်း
ကျော်ဟိန်းကတော့ ကျော်ဟိန်းပါပဲ