အသက် ၆၀ ပြည့်ရင် တရားအားထုတ်တော့မယ့် ဒါရိုက်တာ ကြည်ဖြူသျှင်
ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ သူ့မှာရှိတဲ့ ပိုင်ဆိုင်မှုများ၊ အောင်မြင်မှုများကို အသက် ၆၀ အရွယ်မှာ ထားခဲ့ပြီး သံသရာခရီးတိုဖို့အတွက် ကြိုးစားအားထုတ်တော့မယ်လို့ ဆိုပါတယ်။
“ကျမရဲ့ဆုံးဖြတ်ချက်ကတော့ အသက် ၅၅ နှစ်အထိပဲ ဒါရိုက်တာအလုပ်ကို လုပ်မယ်။ ၅၅ နှစ် ကနေ ၆၀ နှစ်အထိ အများနဲ့ သက်ဆိုင်တဲ့ လူမှုရေး ပရဟိတကိစ္စတွေ နိုင်သလောက် လုပ်မယ်။ အသက် ၆၀ ပြည့်တာနဲ့ ကိုယ့်ကိုယ်ကို လောကီပင်စင် အပြည့်ပေးပြီး သံသရာခရီးတိုဖို့ ကြိုးစားအားထုတ်ပါမယ်” လို့ ကြည်ဖြူသျှင်က ဆိုပါတယ်။
ကြည်ဖြူသျှင်ကတော့ သူ့မှာရှိတဲ့ ပိုင်ဆိုင်မှုတွေ၊ အောင်မြင်မှုတွေကို အသက် ၆၀ အရွယ်မှာ အားလုံး ထားခဲ့ပြီး တရား အားထုတ်ဖို့ဆိုတာ တကယ် ခက်ခဲတဲ့ကိစ္စလို့လည်း ဆိုပါတယ်။
“ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေ၊ အောင်မြင်မှုတွေကို အသက် ၆၀ အရွယ်မှာ အားလုံးကို ထားခဲ့ပြီး တရားအပြည့်အဝ အားထုတ်ဖို့ဆိုတာ သာမန် ပုထုဇဉ် တယောက်အနေနဲ့ တကယ့်ကို မလွယ်တဲ့ ခက်ခဲတဲ့ကိစ္စပါ။ အောင်မြင်နေတဲ့ အနုပညာသမားဆိုရင် ပိုတောင်ခက်သေးတယ်”
“ပျော်ရွှင်စရာ အသိုက်အဝန်းကို စွန့်လွှတ်ရမှာလေ။ ပြီးတော့ ခင်ပွန်း၊ ဇနီး ၊ သားသမီးရှိတဲ့ မိသားစုဆိုရင် ပိုတောင် မလွယ်ပါသေးတယ်။ သံယောဇဉ်ဖြတ်ပြီးထားခဲ့ဖို့ဆိုတာ တော်တော်ခက်ခဲတာပါ” လို့ ကြည်ဖြူသျှင်က ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ရှင်ရှင်မင်းသားကြီး ကျော်ဟိန်းကို အတုယူ စဉ်းစားမိခဲ့တာလို့လည်း ဆိုပါတယ်။
“ဆရာတော် ဦးကိတ္တိသာရ (ခ) ထပ်ဆင့် အကယ်ဒမီ ဦးကျော်ဟိန်း အကြောင်း အတုယူနိုင်ဖို့တွေးမိရင်း ကျမကတော့ အပျိုကြီးဖြစ်နေတဲ့အတွက်၊ ကံကောင်းစွာဖြင့် အခက်ဆုံးကြိုးကို ဖြတ်ဖို့ မလိုတော့ပါဘူး”လို့ ကြည်ဖြူသျှင်က ပြောထားပါတယ်။
ဒီအကြောင်းအရာတွေကို ဒါရိုက်တာ ကြည်ဖြူသျှင်က သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးသားကာ ပြောဆိုထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကြည်ဖြူသျှင်က အသက် ၄၄ နှစ်ရှိပြီဖြစ်ပြီး “လူဆိုသည်မှာ ဘယ်နေ့သေမလဲဆိုတာ မသိနိုင်၍ အခုအရွယ်မှာလည်း ပုံမှန် တနှစ်၊ (၃) ကြိမ် တရားစခန်းဝင်ရင်း၊ နေ့စဉ် ရသလောက် အားထုတ်သွားရပါမယ်”လို့ ဆိုပါတယ်။
You may also like these stories:
တချိန်က ကျော်ဟိန်းလည်း အလိုမရှိလို့ ကြွေးကြော်ခံရဖူးတယ်
ဦးကိတ္တိသာရ (ကျော်ဟိန်း) အပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား (၂)