အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းက ရေကန်တကန်မှာ ပျောက်ဆုံးနေခဲ့တဲ့ “Glee” မင်းသမီး Naya Rivera ရဲ့ ရုပ်အလောင်းကို ပြန်ရှာတွေ့ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
မင်းသမီးဟာ အသက် ၄ နှစ်အရွယ် သားလေးနဲ့အတူ ပြီးခဲ့တဲ့အပတ်မှာ လှေစီးခရီးထွက်လာရင်း ရေနစ်ခဲ့တာ ဖြစ်ပါတယ်။ မင်းသမီးရဲ့ ရုပ်အလောင်းကို ပြန်လည် ရယူပြီး ကနဦး စစ်ဆေးချက်တွေအရ သွေးရိုးသားရိုး မဟုတ်ဘဲ သေဆုံးမှု ဒါမှမဟုတ် သေကြောင်းကြံစည်တဲ့ လက္ခဏာမျိုး မတွေ့ရှိရကြောင်း ရဲမှူးကြီး Bill Ayub က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ရဲမှူးကြီး Ayub က “ကျနော်တို့ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းဟာ Naya Rivera ဖြစ်တယ်လို့ ယုံကြည်ပါတယ်”လို့ ဆိုပါတယ်။ မင်းသမီးရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးဖို့ ဆေးပညာ စစ်ဆေးရေးရုံးဆီ ပို့ဆောင်လိုက်ပြီးတဲ့နောက် သွားမှတ်တမ်းကနေတဆင့် မင်းသမီးရဲ့ အမျိုးအမည်ကို အတည်ပြုနိုင်ခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် မင်းသမီး Rivera ဟာ သားဖြစ်သူနဲ့အတူ လော့စ်အင်ဂျလိစ်မြို့ အနောက် မြောက်ဘက်မှာရှိတဲ့ အပန်းဖြေစခန်းတခုမှာ လှေစီးထွက်ခဲ့ပြီးတဲ့နောက် မတော်တဆ ရေနစ်ခဲ့တာ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
မင်းသမီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့၊ နေ့လယ်ဘက်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ရေငုပ်သမားတွေ၊ ကင်းလှည့်လှေတွေ၊ ရဟတ်ယာဉ်တွေအပါအဝင် လူအင်အားများများနဲ့ ရှာဖွေမှုကို လုပ်ဆောင်ခဲ့ကြပါတယ်။
သားဖြစ်သူကိုတော့ ကန်ထဲမှာရှိတဲ့ လှေပေါ်မှာ တယောက်တည်း အိပ်ပျော်လျက် အနေအထားနဲ့ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ သားဖြစ်သူရဲ့ အဆိုအရ မင်းသမီး Rivera ဟာ သူ့ကို လှေပေါ်ကို တင်ဖို့ ကူညီပေးခဲ့ပြီးတဲ့နောက် ရေမျက်နှာပြင်ကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ပြောကြေားခဲ့ကြောင်း ရဲမှူးကဆိုပါတယ်။
ရဲမှူးကြီးရဲ့အဆိုအရ ရေကန်ရဲ့ ပြင်းထန်တဲ့ ရေစီးကြောင်းတွေကြောင့် မတော်တဆ သေဆုံးခဲ့ရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကစလို့ အဲ့ဒီရေကန်ကို အများပြည်သူလည်ပတ်ခွင့် ပိတ်ထားပြီး အမေရိကန်ကမ်းခြေ စောင့်တပ်ဖွဲ့နဲ့ အနီးနားမှာရှိတဲ့ ဒေသတွေမှ ကယ်ဆယ်ရေးတွေအပါအဝင် လူ ၁၀၀ လောက် ရှာဖွေရေး လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
မင်းသမီး Rivera ဟာ “Glee” စီးရီးမှာ အထက်တန်းကျောင်း Cheerleader ဖြစ်သူ Santana Lopez အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ အဲ့ဒီနာမည်ကျော် တေးသံစုံစီးရီးရဲ့ Season ၆ ခုမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
Ref: straitstimes
You may also like these story:
ပျောက်ဆုံးနေတဲ့ မင်းသမီး Naya Rivera သေဆုံးပြီလို့ ယူဆရ