Entertainment

လူရွှင်တော်ကြီး မန်းဝင်းအတွက် ယူကြုံးမရဖြစ်နေတဲ့ ကောင်းကျော်

Want create site? Find Free WordPress Themes and plugins.

လူရွှင်တော် ကောင်းကျော်က ကွယ်လွန်သွားတဲ့ လူရွှင်တော် မန်းဝင်းဟာ သူ့အတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာထဲမှာ ပါဝင်လို့ ယူကြုံးမရဖြစ်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“မနက် ၆ နာရီလောက်မှာ မေတ္တာမြင့်မြတ်ဟိန်းက ဖုန်းဆက်ပြီး ဦးမန်းဝင်း ဆုံးသွားပြီ ပြောတယ်။ သေချာသွားတော့ လိုင်း ပေါ်ကနေ သတင်းတင်လိုက်တာပေါ့။ ကျနော်တို့ ပထမသွားတော့ ခွဲစိတ်မှုနဲ့ သတိရလာတယ်။ ကျနော် သွားတော့ ကျနော့်ကို မှတ်မိတယ်။ ကျနော့်ကို ကြည့်ပြီး ကျနော် ဘယ်သူလဲမေးတော့ အသံတိုးတိုးလေးနဲ့ ကောင်းကျော်လို့ ပြောတယ်”

“ကျနော် သူ့ဆီသွားခဲ့တာ ၁ လတောင် မပြည့်သေးပါဘူး။ မနက်က ကွယ်လွန်သွားပြီ ပြောတော့ စိတ်မကောင်းဖြစ်ရတယ်။ နှမြောတာပေါ့။ ရှားရှားပါးပါး သက်ကြီး လူရွှင်တော်ကြီး အောင်မြင်မှု သရဖူ ဆောင်းခဲ့တယ်။ သူ့ဟာသတွေနဲ့ ပြည်သူတွေ ဘဝအမောပြေခဲ့ကြရတယ်။ လေးလေး ဦးမန်းဝင်းရဲ့ ပညာတွေလည်း ကျနော်တို့ ယူခဲ့ရတာပေါ့”

“သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာထဲမှာပါတဲ့ လေးလေး ဦးမန်းဝင်းအတွက် ဝမ်းလည်း ဝမ်းနည်းတယ်။ ယူကြုံးမရလည်း ဖြစ်တယ်။ ဝေဒနာ ခံစားနေရတာထက် စာရင်တော့ အေးချမ်းသွားတာပေါ့။ စိတ်မကောင်းလည်း ဖြစ်မိတယ်”လို့ ကောင်းကျော်က ပြောပါတယ်။

လူရွှင်တော်ကြီး မန်းဝင်းရဲ့ နာရေးအိမ် (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

လူရွှင်တော်ကြီး မန်းဝင်းက သေကောင်ပေါင်းလဲ ဝေဒနာတွေ ခံစားခဲ့ရပေမယ့် သူ့မိသားစုအပေါ် အပူတွေ မပေးခဲဘူးလို့လည်း ဆိုပါတယ်။

“သူ သေကောင်ပေါင်းလဲ ဖြစ်ခဲ့ပြီး သူ တုံးကျော်ခဲ့တယ်။ သူသည် ရောဂါဝေဒနာ ဖြစ်နေပေမယ့် သူ့ကို လှူဒါန်းတဲ့သူတွေ ပေါတယ်။ နာတာရှည် ဆေးကုနေရသော်လည်း သူ့အတွက်နဲ့ သူ့မိသားစုကို အပူလောင်တွေ မပေးခဲ့ဘူး။ သူ့စရိတ်နဲ့ သူ ပြန်တယ်။ သူ့စရိတ်သူ ရောဂါကုတာပေါ့။ အဲ့ဒါလေးကတော့ လေးမန်းဝင်းရဲ့ ထူးခြားတဲ့ သူ့အတိတ် ကုသိုလ်ကံလေး ဒါနအားလေးပေါ့”လို့ ကောင်းကျော်က ပြောပါတယ်။

လူရွှင်တော်တွေကို အရမ်းချစ်တဲ့ မန်းဝင်းရဲ့ အနုပညာကိုချစ်တဲ့ စိတ်က ချီးကျူးစရာကောင်းတယ်လို့လည်း ကောင်းကျော်က ဆိုပါတယ်။

“လေးမန်းဝင်းက စိတ်ဓာတ်အရမ်းဖြူတာ။ သူက သဘင်အလုပ်ကို မြတ်နိုးတယ်။ လူရွှင်တော်တွေကို ချစ်တယ်။ ကျန်းမာရေး မကောင်းဘူး။ ကျောက်ကပ် ဆေးနေရပေမယ့် လူရွှင်တော်အသင်းနဲ့ ပတ်သက်တဲ့ဟာမျိုးဆို ရောက်အောင် လာတယ်”

“ကိုယ်တွေက လူကြီးကို ပင်ပန်းမှာစိုးလို့ မလာစေချင်ဘူး။ သူ့မခေါ်ရင် စိတ်ဆိုးတာ။ ခေါ်ရင်လည်း နေပူပူ မိုးရွာရွာ လာတယ်။ လာရရင် ပျော်နေတာ။ အနုပညာကို ချစ်တဲ့စိတ်က ချီးကျူးစရာ ကောင်းတယ်။ လေးစားစရာ ကောင်းတယ်”လို့ ကောင်းကျော်က ပြောပါတယ်။

လူရွှင်တော် မန်းဝင်းဟာ ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံ ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်သူ မန်းဝင်းအား ဇူလိုင်လ ၁၅ ရက်နေ့၊ ကျီစုသုဿာန် သင်္ချိုင်းမှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

You may also like these stories:

လူရွှင်တော်ကြီး မန်းဝင်းအတွက် ဝမ်းနည်းကြေကွဲမှု

“ဦးမန်းဝင်း ရုတ်တရက် ဆုံးပါးသွားတာ မယုံနိုင်ခဲ့ဘူး”

Did you find apk for android? You can find new Free Android Games and apps.
Loading