အနုပညာအလုပ်တွေ ရပ်နားပြီး သာသနာ့ဘောင်ထဲ အပြီးတိုင်ဝင်သွားခဲ့တဲ့ ဥူးဇင်း ဦးကိတ္တိသာရ (သရုပ်ဆောင် အကယ်ဒမီ ကျော်ဟိန်း) ပျံလွန်တော်မူသွားတဲ့အပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကားများကို ဧရာဝတီက အခုလို မေးမြန်းထားပါတယ်။
ခန့်စည်သူ
ဦးကျော်ဟာ ကျနော့်ရဲ့ကျေးဇူးရှင် လက်ဦးဆရာပါ။ ဆရာတယောက် ကွယ်လွန်တာထက်ကို အနုပညာလောကမှာ အစားထိုး မရတဲ့ ဆုံးရှုံးမှု တခုပေါ့။ စိတ်ဓာတ်ပိုင်းဆိုင်ရာတော့ လူပုဂ္ဂိုလ်ဆိုင်ရာရော အတုယူ လေးစားထိုက်တဲ့ ပုဂ္ဂိုလ် တယောက် ဆုံးရှုံးရတဲ့အတွက် ဝမ်းနည်းပါတယ်။ ယူကြုံးမရလည်း ဖြစ်ရပါတယ်။ ဆရာရဲ့ ဆုံးမစကားတွေက ပစ္စည်းဥစ္စာထက် တန်ဖိုးရှိတဲ့ ဆုံးမစကားတွေပါ။
ဆုကဗျာ
ဦးကျော်နဲ့ ၅ ကားလောက် ရိုက်ဖူးတယ်။ ဆုကဗျာတို့ခေတ်က မင်းသမီးတွေ များတယ်။ ဦးကျော်ရဲ့ သမီးနေရာက ပါဝင် သရုပ်ဆောင်ရတယ်။ ဦးကျော်က အိုက်တင်တွေ တော်တော်သင်ပေးတယ်။ မျက်လုံးအကြည့်တွေ သင်ပေးတယ်။ တချို့ ဒါရိုက်တာတွေဆို ဒိုင်ယာလော့ ချပေးတယ်။ အိုက်တင်သင်ပေးတယ်။ ဒီလောက်ပဲ။ ဆုကဗျာ ဦးကျော်နဲ့ ပတ်သက်တဲ့ အမှတ်တရဆိုရင် ဦးကျော်နဲ့ရိုက်ရင် ၃ ရက်လောက် ဆူခံနေရတာ။ အရမ်းလည်း အဆူခံရတယ်။
ဆုကဗျာကို မျက်လုံးအိုက်တင်တွေရအောင် ဖယောင်းတိုင် ထိုင်ကြည့်ခိုင်းတာက အမှတ်တရပါပဲ။ လူတိုင်းကတော့ တချိန် ထွက်ခွာရမှာပဲ။ သူကတော့ တရားအသိနဲ့ ကောင်းသော ထွက်ခွာခြင်းနဲ့ ထွက်ခွာသွားရတယ်။ အခုချိန်မှာ သူ့အတွက် ဝမ်းနည်း ပူဆွေးနေမယ့်အစား သူအသက်ရှင်တုန်းက ကိုယ်တွေဘာထောက်ပံ့ကူညီခဲ့လဲ။ သူ့ကို စိတ်ချမ်းသာအောင် ထားခဲ့လား ပြန်တွေးတယ်။ ဆရာအတွက်လည်း တတ်နိုင်တဲ့ အလှူတွေ လုပ်ပေးမှာပါ။
ဘုဏ်းလျှံ
ဦးကျော်ဟိန်းဟာ ကျနော်တို့ အတွက်တော့ သင်ဆရာ မြင်ဆရာ ကြားဆရာပါ။ ဦးကျော် ဇာတ်ကားတွေ ကြည့်ပြီး ရှင်သန်ခဲ့ရတာ။ ဦးကျော်ဟိန်းက ကွယ်လွန်သွားအတွက် ဝမ်းနည်း ကြေကွဲရပါတယ်။ မိသားစုနဲ့ ထပ်တူ ဝမ်းနည်း ကြေကွဲရပါတယ်။ ဦးကျော်ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ချင်တယ်။ ဒါပေမဲ့ အခုလိုမျိုး အဝေးမှာရောက်နေတော့ ဘာမှမတတ်နိုင်ဘူး။ စိတ်မကောင်းဖြစ်မိပါတယ်။ ဦးကျော်က အစစအရာရာ ပြင်ဆင်ထားတဲ့သူ၊ သေဖို့ထိပြင်ဆင်ထားတယ်ဆိုတဲ့ စကားနဲ့အညီ ပြင်ဆင်သွားတယ်။ ပြင်ဆင်ထားတဲ့အတွက်လည်း သူကောင်းရာမွန်ရာကို ရောက်နေမှာပါ။
သြစတေးလျနိုင်ငံမှာ သီတင်းသုံး နေထိုင်ခဲ့တဲ့ ဆရာတော် ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) ဟာ သက်တော် ၇၃ နှစ်၊ ဝါတော် ၁၂ ဝါ ရှိပြီဖြစ်ပြီး ဇူလိုင်လ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၉ နာရီ ၂၇ မိနစ်မှာ ၉၆ ပါးရောဂါနဲ့ ပျံလွန်တော်မူ သွားခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
တချိန်က ကျော်ဟိန်းလည်း အလိုမရှိလို့ ကြွေးကြော်ခံရဖူးတယ်
ဦးကိတ္တိသာရ (ကျော်ဟိန်း) အပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား
ဦးကိတ္တိသာရ (ကျော်ဟိန်း) အပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား (၂)