ထိုင်ဝမ်မင်းသမီး Shu Qi ဟာ တကယ့်လက်တွေ့ဘဝမှာ သာယာတဲ့အခြေအနေကို ပိုင်ဆိုင်ခဲ့တာမျိုး မရှိခဲ့ဘဲ ခက်ခဲကြမ်းတမ်းတဲ့ ကလေးဘဝကို ဖြတ်သန်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဟောင်ကောင် မင်းသား၊ ဒါရိုက်တာ Stephen Fung နဲ့ လက်ထပ်ထားတဲ့ အသက် ၄၄ နှစ်အရွယ် မင်းသမီးက သူကြီးပြင်းခဲ့ရတဲ့ နာကျင်ဖွယ် အမှတ်တရတွေအကြောင်း ဗီဒီယိုအင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။
မင်းသမီးက “ကျမရဲ့နှလုံးသားထဲမှာရှိနေတဲ့ အပြစ်ကင်းစင်မှုကတော့ ကလေးငယ်ဘဝတုန်းက မရှိခဲ့တာကနေ အခြေခံပါတယ်။ ကျမ ငယ်ရွယ်စဉ်အချိန်က ကျမမိဘတွေရဲ့ တုံ့ပြန်မှုကို အမြဲစောင့်ကြည့်နေရပါတယ်။ သူတို့တွေ စိတ်မကြည်တဲ့အခါ ကျမက သူတို့ကို အဝေးနေပဲ ကြည့်နေရပါတယ်”
“ တကယ်လို့ အဲ့ဒီလိုသာ မလုပ်ရင်တော့ ကျမအလွယ်တကူ အဆူခံရခဲ့ပါတယ်။ ကျမအဖေက မော်တော်ဆိုင်ကယ်နဲ့ ပြန်လာပြီဆိုတဲ့ အသံကိုကြားတာနဲ့ ကျမက အရမ်းကြောက်မိခဲ့တယ်။ အဖေက တံခါးကို တွန်းဖွင့်ပြီး ဝင်လာပြီဆိုရင် ညသန်းခေါင်ပဲဖြစ်ဖြစ် ကျမပြေးနိုင်သလောက်၊ ပုန်းနိုင်သလောက် ပုန်းခဲ့ရပါတယ်” လို့ပြောဆိုခဲ့ပါတယ်။
သူကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်နဲ့ အတွေ့အကြုံတွေကြောင့် သူဟာ ဆတ်ဆတ်ထိမခံတဲ့ လူတယောက် ဖြစ်လာစေတယ်လို့ မင်းသမီးကဆိုပါတယ်။ သူဟာ အသက် ၁၅ နှစ်အရွယ်လောက်မှာ အိမ်ကနေ ထွက်ပြေးခဲ့ပေမယ့် ပြင်းထန်တဲ့ ယာဉ်မတော်တဆမှုတခုနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။
မင်းသမီးက “အမေက စိတ်ပူနေခဲ့တယ်၊ စိုးရိမ်နေခဲ့တယ်လို့ ကျမတော့ မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူက ကျမကို အမြဲပဲ ဆူနေတာ။ ကျမနှလုံသားထဲမှာ သူဘာလို့ ကျမကို ဆူပူနေတဲ့အကြောင်းကို အံ့သြမိသလို အရမ်းလည်း နာကျင်ခံစားရပါတယ်” လို့ဆိုပါတယ်။
တရုတ်မင်းသမီးတွေထဲမှာ အလှဆုံးမင်းသမီးတယောက်လို့ သတ်မှတ်ခံရတဲ့ Shu Qi ဟာ ငယ်ရွယ်စဉ်မှာတော့ လှတယ်လို့ သတ်မှတ်ခံခဲ့ရသူတော့ မဟုတ်ပါဘူး။ သူငယ်ရွယ်စဉ်အချိန်တုန်းက မိခင်ဖြစ်သူက သူဟာ ရုပ်ဆိုးကြောင်း၊ သူ့လောက်ဘယ်သူမှ ရုပ်မဆိုးနိုင်ကြောင်း ပြောဆိုခံရမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ၂၀၁၈ ခုနှစ်တုန်းက ဆောင်းပါးတပုဒ်မှာ ပြောဆိုထားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်ရဲ့ ဆောင်းပါးတပုဒ်မှာတော့ Shu Qi ရဲ့ မိခင်ဟာ အသက် ၁၈ နှစ်အရွယ်မှာ သူ့ကိုမွေးခဲ့တာကြောင့် ကလေးတယောက်ကို ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရတာကနေ ဒေါသတွေ သူ့အပေါ် ပုံကျခဲ့တာဖြစ်တယ်လု့ိ ပြောဆိုခဲ့ဖူးပါတယ်။
အဲ့ဒီနောက် မင်းသမီးဟာ ဟောင်ကောင်ကို အလုပ်လုပ်ဖို့ ထွက်လာခဲ့ပြီး သူ့ဘဝအတွက် ပြင်ဆင်မှုတွေ စတင်ခဲ့တယ် လို့ဆိုပါတယ်။ အဲ့ဒီကနေ သနားစရာသူ့ဘဝဟောင်းကနေ ရုန်းထွက်ပြီး ဒီနေ့ခေတ်မှာ Diva လို့ လူသိများကြတဲ့ မင်းသမီးတယောက်အဖြစ် ကြိုးစားရုန်းကန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Ref:asiaone
You may also like these stories:
သမီးဖြစ်သူကို အနုပညာလောကထဲ မဝင်စေချင်တဲ့ မင်းသားကြီး Simon Yam
ဟောလိဝုဒ် မှုခင်းရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Donnie Yen