COVID-19 ကာကွယ်ရေး ပြကွက်များ အိန္ဒိယရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်
အိန္ဒိယရုပ်သံလိုင်းတချို့ကနေ ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံစီးရီးတွေမှာ ပရိသတ် အချစ်တော် ဇာတ်ကောင်တွေဟာ Mask တပ်ထားတာ၊ လက်သန့်ဆေးရည် သုံးတာတို့ကို ဦးစားပေး ပြသခဲ့ကြတယ်လို့ ဆိုပါတယ်။ စကားအချီအချပြောခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း သတိထားလုပ်ဆောင်ရမယ့် ကိစ္စတွေအကြောင်း သတင်းစကားပါးတဲ့အနေနဲ့ လုပ်ပြခဲ့ကြတာလည်း ဖြစ်ပါတယ်။
အိန္ဒိယရုပ်သံလိုင်းအများစုကတော့ကမ္ဘာတဝန်းက ပရိသတ်တွေစောင့်ကြည့်ရတဲ့ အဲ့ဒီစီးရီးတွေမှာ COVID – 19 ဘေးကင်းလုံခြုံမှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပြသဖို့ စီးရီးထုတ်လုပ်သူတွေထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဇာတ်ညွှန်းရေးသားသူတွေဟာ ဇာတ်ညွှန်းထဲမှာ COVID – 19 ကြိုတင်ကာကွယ်ရေး အစီအမံများအကြောင်း ဖြည့်စွက်ရေးသားခဲ့ကြတယ်လို့ဆိုပါတယ်။
အဲ့ဒီလို ထည့်ရေးရုံကလွဲလို့ တခြားလမ်းမရှိတဲ့အကြောင်း ရုပ်သံဇာတ်ညွှန်းရေးသူ Sharad Tripathi က ပြောဆိုပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ‘Yeh Rishta Kya Kehlata Hai’ စီးရီးထဲက ဇာတ်ဝင်ခန်းတခုမှာ ဇာတ်ကောင် တွေဖြစ်ကြတဲ့ Naira နဲ့ Sita Chaudhary တို့ဟာ Mask တွေကို ဝတ်ဆင်ထားပြီး ရင်ဆိုင် စကားပြောနေခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီအပိုင်းမှာပဲ Kartik ဇာတ်ကောင်က ဇနီးဖြစ်သူကို လက်အိတ်နဲ့ မျက်နှာအဖုံးအကာ မတပ်ပေးခင် လက်သန့်ဆေးရည်သုံးဖို့ လုပ်ဆောင်ပေးခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။
အဲ့ဒီစီးရီးမှာသာမက အိန္ဒိယမှာ ထုတ်လွှင့်ခဲ့တဲ့တခြားစီးရီးတွေမှာလည်း ဇာတ်ညွှန်းတွေထဲ အလားတူ အခြေအမျိုး ဖြစ်အောင် ထည့်သွင်းခဲ့ကြပါတယ်။ Zee TV ကနေ ထုတ်လွှင့်ခဲ့တဲ့ ‘Guddan Tumse Na Ho Payega’ စီးရီးမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ Guddan နဲ့ Akshat တို့ဟာ အိမ်ကို ပြန်လာခဲ့ကြတဲ့ ဇာတ်ဝင်ခန်း ပါရှိခဲ့ပါတယ်။ အဲ့ဒီအဓိကဇာတ်ကောင်နှစ်ဦးဟာ Mask နဲ့ လက်အိတ်တွေကို ဝတ်ဆင်ထားခဲ့ပြီး Lockdown ကာလမှာ သူတို့ဘာတွေလုပ်ခဲ့သလဲဆိုတာကို မိသားစုနဲ့အတူ ပြောဆိုနေခဲ့တာဖြစ်ပါတယ်။
SAB TV ကနေထုတ်လွှင့်ခဲ့တဲ့ ‘Tera Kya Hoga Alia’ စီးရီးမှာတော့ Alia နဲ့ Rabiya တို့ဇာတ်ကောင်နှစ်ဦးဟာ မနက်အစောပိုင်းမှာ အပြေးလေ့ကျင့်ခန်း လုပ်နေခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးအားကစားလုပ်နေချိန်မှာ Alia က သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း Rabiya ကို Social Distancing အရ ခပ်ခွာခွာနေဖို့ တချိန်လုံး ပြောဆိုနေခဲ့ပါတယ်။ ဒါ့အပြင် အပြင်ထွက်တဲ့အခါ Mask ဝတ်ဖို့ အရေးကြီးတဲ့အကြောင်း အလေးပေးပြောဆို နေခဲ့တာကိုလည်းတွေ့ရပါတယ်။
COVID- 19 ကြိုတင်ကာကွယ်ရေးအတွက် လူထုထံအသိပေးတင်ပြတဲ့အခါမှာ ဖျော်ဖြေရေးကဏ္ဍမှာ ထည့်သွင်းခြင်းဟာ ပိုမိုထိရောက်တဲ့အကြောင်း အိန္ဒိယရုပ်ရှင်လုပ်ငန်းအတွင်းမှာ ယုံကြည်လက်ခံထားကြပါတယ်။
Ref: indianexpress
You may also like these stories:
အမီတာဘဂျမ်းတို့ မိသားစု ကျန်းမာဖို့ ပရိသတ်များ ဆုတောင်းပေးနေ