ကျောက်ကပ်ရောဂါဝေဒနာကို ၂၅ နှစ်ကျော်ခံစားခဲ့ရတဲ့ လူရွှင်တော်မန်းဝင်းကတော့ ဇူလိုင်လ ၁၃ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ဘဝဆက်တိုင်း ဒီလိုရောဂါတွေမဖြစ်ပါစေနဲ့လို့ မန်းဝင်းရဲ့ သားသမီးများက ဆုတောင်းပေးခဲ့ပါတယ်။
“ဖေကြီးကို ကူညီပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဖေကြီး အခြေအနေမကောင်းတော့ဘူး။ အသက်ထွက်သွား တဲ့အချိန်အထိ မညည်းဘဲ အရေးပေါ်ကားနဲ့အမြဲတမ်းကူညီပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျောက်ကပ်ဆေးဖို့အတွက် အကူအညီပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”
“ မြန်မာ့သြဘာက အန်တီမာလာတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကိုလည်း ပြောချင်တာက သေမင်းနဲ့ ဒွန်တွဲနေရတာ ဒီတခါအရှုံးပေးလိုက်ရတယ်။ ဒါပေမယ့် ဖေကြီးဘဝဆက်တိုင်းဆက်တိုင်း ဒီလိုရောဂါမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်” လို့ ဟေမာမန်းဝင်းကပြောပါတယ်။
ဖခင်ဖြစ်သူ မန်းဝင်းကတော့ ဝေဒနာများခံစားနေရတာ ၂၅နှစ်ကျော်ပြီး အခုအချိန်မှာတော့ သူ့ဘဝငြိမ်းချမ်းသွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဖေက ဝေဒနာခံစားနေရတာ ၂၅နှစ်ကျော်ခဲ့ပါပြီ။ ဆီးချိုဖြစ်ရာကနေ ကျောက်ကပ်ပျက်စီး ၊ နှလုံး ၊ သွေးတိုး ၊ နှလုံးအားနည်းတယ်။ အဆုတ်ကရေဝင်တဲ့အတွက် အဆုတ်အားနည်းတယ်။ အခုနောက်ဆုံးအကြီးမားဆုံးဖြစ်တာကတော့ ဦးနှောက်သွေးယိုတာပေါ။ ဦးနှောက်သွေးယိုတာကို ၂ခါခွဲစိတ်ပြီးတဲ့အချိန်မှာ စကားတွေလည်းပြောတယ်”
“ ဆန်ပြုတ်တွေလည်းသောက်တယ်။ အခုအဖေ ကျောက်ကပ်ဆေးဖို့လည်းမလိုတော့ဘူး။ ဆေးရုံသွားဖို့လည်း မလိုတော့ဘူး။ သူ့ဘဝက ငြိမ်းချမ်းသွားပါပြီ” လို့ ချမ်းသာမန်းဝင်းကပြောပါတယ်။
ဒီကနေ့မှာတော့ လူရွှင်တော်မန်းဝင်းရဲ့ ဈာပနာအခမ်းအနားကို ကျီစုသုဿန်မှာပြုလုပ်ခဲ့ပြီး မန်းဝင်းရဲ့ပရိသတ်များ ၊ လုပ်ဖော်ကိုင်ဖက်လူရွှင်တော်များနဲ့ စည်ကားစွာကျင်းပနိုင်ခဲ့ပါတယ်။
“ကောင်းကင်ကြီးပြိုကျသွားသလိုပါပဲ။ ဒါပေမယ့်အဖေ့ကိုအခုလို တခဲနက်လိုက်ပို့ကြတဲ့ပရိသတ်တွေရှိတဲ့အတွက် ပီတိဖြစ်ရပါတယ်။ သူအရမ်းချစ်တဲ့ပရိသတ်တွေနဲ့ စည်စည်ကားကားကျင်းပနိုင်တဲ့အတွက် ရောက်တဲ့အရပ်က ဝမ်းသာနေမှာပါ” လို့ ချမ်းသာမန်းဝင်းက ပြောပါတယ်။
မန်းဝင်းကတော့ သူမသေဆုံးခင်မှာ ပရိသတ်တွေကို သူ့လိုဝေဒနာမျိုးမခံစားရအောင် ဆုတောင်းစာရေးပြီး သူသေဆုံးတဲ့အခါမှာ ထည့်ပေးလိုက်ရန်အတွက်လည်း သားဖြစ်သူကို မှာခဲ့တယ်လို့ သိရပါတယ်။
“ကျနော့်ကို မှာခဲ့တာကတော့ “သားရယ် အဖေ့ကို စာလေးတစောင်ပေါ့နော်။ သူသေသွားရင် သူ့ကိုတဲ့။ သူကိုယ်တိုင်ရော သူချစ်တဲ့ ပရိသတ်တွေရော သူ့လိုဝေဒနာ မခံစားပါစေနဲ့ ဆိုတဲ့ စာလေးတစောင်ထည့်ပေးပါသားရယ်”တဲ့ ကျနော် ထည့်ပေးလိုက်ပါတယ်” လို့ ချမ်းသာမန်းဝင်းက ပြောပါတယ်။
လူရွှင်တော်ကြီး မန်းဝင်းကတော့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ဆုံးပါးသွားခဲ့တာဖြစ်ပြီး သေဆုံးစဉ်မှာတော့ အသက် ၇၈ နှစ်ရှိပြီ ဖြစ်ပါတယ်။
You may also like these stories:
“ဦးမန်းဝင်း ရုတ်တရက် ဆုံးပါးသွားတာ မယုံနိုင်ခဲ့ဘူး”