ကိုဗစ်ကာလမှာ ရုပ်ရှင်ကဏ္ဍများအပေါ် သက်ရောက်မှုများနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၂၃ ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အပါအဝင် မင်္ဂလာရုပ်ရှင်ရုံများ ပိုင်ရှင်တို့ Live မှတဆင့် အပြန်အလှန် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
“၂၂ ရက်နေ့မှာ ရီဟာဇယ်လုပ်ဖို့ ၂၃ ရက်နေ့မှာ ရန်ကုန်တိုင်းရုံးကို သွားရမယ် ထင်တယ်။ အသေးစိတ်တော့ မသိသေးပါဘူး။ လောလောဆယ်တော့ မင်္ဂလာ ဦးဇော်မင်း ပါမယ်ပဲ သိထားပါတယ်။ ဘာမှတော့ မပြင်ဆင်ရသေးပါဘူး”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။
ဆွေးနွေးသွားမယ့် အကြောင်းအရာများကိုတော့ မပြင်ဆင်ရသေးဘဲ အသေးစိတ်ကိုတော့ နောက် တရက် ၂ ရက်ခန့်မှ သိရမယ်လို့ ဆိုပါတယ်။
“ဇူလိုင် ၂၃၊ ၂၀၂၀ မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်ကဏ္ဍ များအပေါ် သက်ရောက်မူများနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် မင်္ဂလာ ရုပ်ရှင် ဥက္ကဋ္ဌ ဦးဇော်မင်းတို့ Live အပြန်လှန်ဆွေးနွေးခြင်းများ ပြုလုပ်မည်။ အစစ အရာရာအဆင်ပြေပါစေ” လို့ Bo Bo Entertainment မှ ထုတ်လုပ်သူ ကိုဘိုစန်းကလည်း ပြောထားပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့သို့ လာရောက်ပြီး MRTV-4 ရိုက်ကွင်း ၊ ရုပ်ရှင်လောကမှ ရိုက်ကွင်းနှင့် ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကွင်း ပုံစံတူ သရုပ်ပြရိုက်ကွင်းများကို ကြည့်ရှုကာ အကြံပြု ဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြပေးသွားမယ်လို့လည်း သိရပါတယ်။
COVID-19 ကပ်ရောဂါကြောင့် မတ်လအတွင်းမှာ ပွဲလမ်းသဘင်များ မကျင်းပရ၊ လူစုလူဝေးများ မပြုလုပ်ရ၊ ရုပ်ရှင်ရုံများ ပိတ်ခဲ့ပြီး ရိုက်ကွင်းများကိုလည်း နားထားခဲ့ရတာဟာ အခုအချိန်ထိပဲ ဖြစ်ပါတယ်။
ရုပ်ရှင်လောကသားများ၊ ရုံပိုင်ရှင်များ အနေနဲ့လည်း ရုပ်ရှင်ရုံများ အမြန်ဖွင့်လှစ်စေရေးနဲ့ ရုပ်ရှင်များပြန်လည် ရိုက်ကူးခွင့်ရရေးကို မျှော်လင့်လျက်ရှိကြပါတယ်။
You may also like these stories:
“ရုပ်ရှင်ရုံကနေ ကူးသွားရင် ရုပ်ရှင်သမားတွေကို မကြည်မလင် ဖြစ်လိမ့်မယ်”