သည်းထိတ်ရင်ဖို ဇွန်ဘီရုပ်ရှင်ဖြစ်တဲ့ “Peninsula” ဟာ ပထမဆုံး ဖြန့်ချိပြသတဲ့နေ့မှာပဲ ကြည့်ရှုသူ ပရိသတ် ၃ သိန်းခွဲ ကျော်ရှိခဲ့ပြီး ဒါဟာ COVID-19 ကြောင့် အထိနာခဲ့ရတဲ့ တောင်ကိုရီးယားရုပ်ရှင်လောကမှာ အခုနှစ်အတွက် အဖွင့်ပွဲစဉ် လူကြည့်အများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဖြန့်ချိသူက ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
၂၀၁၆ ခုနှစ်တုန်းက အထူးအောင်မြင်ခဲ့တဲ့ “Train to Busan” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်တဲ့ “Peninsula” ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ကြည့်ရှုတဲ့ပရိသတ် ၃၅၂,၉၂၆ ဦး ရှိခဲ့တယ်လို့ Next Entertainment World ကုမ္ပဏီက ဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အဖွင့်ပွဲစဉ်မှာ ပရိသတ် ၂ သိန်းခွဲကျော် ကြည့်ရှုခဲ့တဲ့ “The Man Standing Next” ရုပ်ရှင်ရဲ့ စံချိန်ကို ကျော်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါရိုက်တာ Yeon Sang-ho ရိုက်ကူးပြီး မင်းသား Gang Dong-won နဲ့ မင်းသမီး Lee Jung-hyun တို့ပါဝင်ထားကြတဲ့ “Peninsula” ရုပ်ရှင်ဟာ “Train to Busan” ရုပ်ရှင်ထဲမှ ဖြစ်ရပ်အပြီး ၄ နှစ်အကြာ ဇွန်ဘီရောဂါ ကူးစက်ခံထားရတဲ့ ကိုရီးယားကျွန်းဆွယ်ပေါ် မှာ အသက်ရှင် ကျန်ရစ်သူတွေအကြောင်း ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်ဟာ တရက်တည်းမှာပဲ ပြသခဲ့တဲ့ အခြားနိုင်ငံတွေမှာလည်း အခြေအနေ ကောင်းခဲ့တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့၊ စင်ကာပူနိုင်ငံမှာ စတင် ရုံတင်ပြသခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ ဝင်ငွေ စင်ကာပူ ဒေါ်လာ ၁ သိန်း ၄ သောင်းကျော် ရရှိခဲ့ပြီး နိုင်ငံတွင်း ပြသခဲ့ဖူးသမျှ ကိုရီးယားရုပ်ရှင်တွေမှာ အဖွင့်ပွဲစဉ် ဝင်ငွေအများဆုံးဖြစ်ခဲ့ပါတယ်။
ထူးခြားဆန်းကြယ် ရုပ်ရှင်ဖြစ်တဲ့ “Along with the Gods: The Last 49 Days” က အဖွင့်ပွဲစဉ်မှာ စင်ကာပူ ဒေါ်လာ ၁ သိန်း ၁ သောင်းကျော် ရရှိခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ရဲ့ နောက်မှာတော့ “Train to Busan” နဲ့ “Parasite” ရုပ်ရှင်တို့က အစဉ်လိုက် ရပ်တည်နေကြပါတယ်။
ထိုင်ဝမ် ရုံဝင်ငွေ စာရင်းမှတော့ “Peninsula” ရုပ်ရှင်ဟာ ဇူလိုင်လ ၁၅ ရက်နေ့ တရက်တည်းမှာ ဒေါ်လာ ၈ သိန်း ရရှိခဲ့ပြီး လွန်ခဲ့တဲ့ ၄ နှစ်က ရရှိခဲ့တဲ့ “Train to Busan” ရုပ်ရှင်ရဲ့ ပွဲဦးထွက် ဝင်ငွေ ဒေါ်လာ ၇ သိန်း ကျော်ကို ကျော်တက်သွားခဲ့ပါတယ်။
အခု “Peninsula” ရုပ်ရှင်ဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်ထံ တရားဝင် ဖိတ်ကြားခံထားရပြီး ထိုင်ဝမ်၊ ထိုင်း၊ ဂျပန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ အပါအဝင် နိုင်ငံနဲ့ နယ်မြေပေါင်း ၁၈၀ ကျော်ထံ ရောင်းချထားပြီး ဖြစ်ပါတယ်။ မြောက်အမေရိက တလွှားမှာတော့ သြဂုတ်လ ၈ ရက်နေ့မှာ စတင်ပြသဖို့ ရှိပြီး အဲ့ဒီအချိန် မတိုင်မီ ဇူလိုင်လ ၂၄ ရက်နဲ့ သြဂုတ်လ ၆ ရက်နေ့တို့မှာ ဗီယက်နမ်နဲ့ နယူးဇီလန်နိုင်ငံတွေမှာ ပြသသွားဖို့ရှိနေပါတယ်။
Ref: Yonhap
You may also like these stories:
“Train To Busan” နောက်ဆက်တွဲရုပ်ရှင် “Peninsula” ရဲ့ ပိုစတာ ထွက်ပေါ်လာ
“Train to Busan” ရုပ်ရှင်ကို VR အသွင်အမျိုးမျိုးဖြင့် ခံစားကြည့်ရှုနိုင်တော့မည်
“Train To Busan” နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်များကို အတည်ပြု