ဇူလိုင်လမှာ ကြွေလွင့်သွားတဲ့ အနုပညာရှင်တွေအတွက် စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ လူရွှင်တော် ကျင်ဝှက်က တန်ဖိုးကြီး အနုပညာသမားတွေကို ဆုံးရှုံးရမှာ ကြောက်တယ်လို့ ဆိုပါတယ်။
“ဒီလက ပညာရှင်တွေ ဆုံးရှုံးရတဲ့ ဇူလိုင်လလို့ ပြောရမယ်။ တော်တော် နှမြောစရာ ကောင်းတယ်။ ဖြစ်နိုင်ရင် သူတို့ အသက်တွေကို ပြန်ငယ်စေချင်တယ်။ ပရိသတ်တွေကို ပျော်စေပြီး ပရိသတ်ချစ်ရတဲ့ ပုဂ္ဂိုလ်တွေမို့ အရမ်းကို နှမြော စိတ်မကောင်းဖြစ်ရတယ်။ ဦးမန်းဝင်းကိုရော၊ ဦးကျော်ဟိန်းကိုရော ဆုံးရှုံးလိုက်ရတယ်။ ကျနော်တို့ အနုပညာသမားတွေကို ဆုံးရှုံးရမှာ အရမ်းကြောက်တယ်”
“အခုတော့ တန်ဖိုးကြီးတွေကို ဆုံရှုံးရတယ်။ ကိုမန်းဝင်းနဲ့ အမှတ်တရတွေ ရှိတယ်။ သူက ကျနော့်ကို တွေ့တာနဲ့ နောက်ပြောင်ပြီး ဆဲခေါ်တဲ့ နာမည် ရှိတယ်။ အဲ့ဒါတွေက အမှတ်တရတွေပေါ့ဗျာ။ ကျနော့်ကို အရမ်းချစ်တယ်။ တကယ့် ညီအစ်ကိုလို နေခဲ့ကြတဲ့ အစ်ကိုတယောက် ဆုံရှုံးရတာ အရမ်းဝမ်းနည်းပါတယ်”လို့ ကျင်ဝှက်က ပြောပါတယ်။
အရမ်းကြိုက်ခဲ့ရတဲ့ သရုပ်ဆောင် ကျော်ဟိန်း ကွယ်လွန်သွားတဲ့အတွက်လည်း ဝမ်းနည်း စိတ်မကောင်း ဖြစ်ရတယ်လို့ ကျင်ဝှက်က ဆိုပါတယ်။
“ဦးကျော်ဟိန်း ကွယ်လွန်သွားတာ ဝမ်းလည်း ဝမ်းနည်းတယ်။ နှမြောလည်း နှမြောတယ်။ ကျနော်က သူ့ Crazy လေ။ မဆုံခဲ့ရဘူး။ တကားမှ မရိုက်လိုက်ရဘူး။ ကျနော်တို့ကို ပရိသတ် သိလာပြီဆိုတဲ့အချိန် သူဘုန်းကြီး ဝတ်သွားပြီ။ တကားလောက်တော့ တွဲရိုက်ချင်တာ၊ မရိုက်လိုက်ရဘူး။ အဲ့ဒါတော့ စိတ်မကောင်းဘူး။ ဦးကျော်က အရမ်းတော်တဲ့ မင်းသားပါ။ သူ့ကို မှီဖို့ မင်းသားတွေ တော်တော်ကြိုးစားဖို့ မလွယ်ဘူး”
“ဒါကြောင့် နှမြောတယ်။ သူက ပြောတဲ့အတိုင်း လုပ်တတ်တယ်။ ကတိတည်တယ်။ ယောကျာ်း စစ်တယ်။ အဲ့ဒါတွေကို ချစ်တယ်။ လေးစားတယ်။ တချို့က ပြောရင် ပြောတဲ့အတိုင်း လုပ်ချင်မှ လုပ်တာ။ ဖြစ်လာတဲ့ပေါ်မှာပဲ အဆင်ပြေအောင် လမ်းလျှောက်ကြတာ များတယ်။ သူက တကယ်ကို တော်တဲ့သူပါ။ နှမြောတာလည်း အရမ်းပဲ။ ဝမ်းလည်း ဝမ်းနည်းတယ် ”လို့ ကျင်ဝှက်က ပြောပါတယ်။
လူရွှင်တော် ကျင်ဝှက်ကတော့ Five Stars အဖွဲ့ဝင်တဦးအဖြစ် ဖျော်ဖြေရေးပွဲတွေမှာလည်း ပါဝင်ဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီး၊ ဗီဒီယို ဇာတ်ကားတွေကိုလည်း ရိုက်ကူးထားပါသေးတယ်။
You may also like these stories:
၂၀၂၀ အတွက် လူကြည့်အများဆုံးရုပ်ရှင်အဖြစ် “Peninsula” စံချိန်တင်
ညီမကို ကယ်တင်ခဲ့တဲ့ ကောင်လေးအတွက် ဒိုင်းအစစ် ပို့ပေးမယ့် Chris Evans
တသက်မမေ့နိုင်စရာ ပြက်လုံးများကို ချန်ရစ်ခဲ့သူ လူရွှင်တော် မန်းဝင်း