အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့ သရုပ်ဆောင် ဆုကဗျာက အနုပညာအလုပ်တွေ ရပ်နားပြီးတဲ့ နောက်မှာ ကျောက်မျက်ရတနာ လုပ်ငန်း လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
“ဆုကဗျာက တောက်လျှောက် အနုပညာအလုပ်တွေ လုပ်ပြီး ရပ်လိုက်ပြီး ဆုရတီနာမည်နဲ့ ၂၀၂၀ အစမှာ ကျောက်မျက်ရတနာ လုပ်ငန်းကို တည်ထောင်ထားပါတယ်။ ကျောက်မျက်ရတနာ လုပ်ငန်းကတော့ ပညာသင်ရင်းနဲ့ လုပ်ကိုင်ဖြစ်တဲ့ လုပ်ငန်းလေးပါ။ အနုပညာမလုပ်တာ ကြာပြီ။ ၂၀၁၁၊ ၂၀၁၂ လောက်ကတည်းက မလုပ်တော့ဘူး”
“မီဒီယာ အလုပ်ကနေ ခွဲထွက်လိုက်ပြီး အခုစီးပွားရေးပဲ လုပ်လိုက်တာ။ “တစ်စစ်တမက် ကိုယ်နဲ့ သက်ကို” ဇာတ်ကားမှပဲ ပြန်ရိုက်ဖြစ်တာ။ အဲ့ဒါကလည်း ဂုဏ်ပြုဇာတ်လမ်းမို့ ပြန်ရိုက်ဖြစ်တာပါ။ ဇာတ်လမ်းတွဲတွေ ဇာတ်ကားတွေ ပြန်ရိုက်ဖို့ ပြောတယ်။ ကိုယ့်အတွက် အချိန်လည်း သိပ်မပေးရဘူး။ ကိုယ့်စီးပွားရေးလည်း မလစ်ဟင်းတာမျိုးဆို ရိုက်ပေးဖြစ်မှာပါ”လို့ ဆုကဗျာက ပြောပါတယ်။
ဆက်လက်ပြီး ဆုကဗျာက အနုပညာ အလုပ်ကို ချစ်ပေမယ့် ရေရှည် ရပ်တည်ဖို့အတွက် စီးပွားရေး လုပ်ငန်းကိုပဲ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။
“ဖြူဖြူထွေးနဲ့လည်း ရိုက်ပေးဖို့ ပြောထားတယ်။ အနုပညာအလုပ်ကို ဆုကဗျာ ချစ်ပါတယ်။ သံယောဇဉ် ရှိတာပဲ။ ရေရှည် ရပ်တည်ဖို့ စီးပွားရေးလုပ်ငန်းကိုပဲ ရွေးချယ်ချင်တာ။ အဲ့ဒါကြောင့် စီးပွားရေးကို ဇောက်ချ လုပ်ကိုင်ဖြစ်တာပါ”လို့ ဆုကဗျာက ပြောပါတယ်။
ဆုကဗျာဆိုတဲ့ နာမည်ကို အနုပညာ မလုပ်တော့ပေမယ့် သိနေပေးကြလို့ ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“ဆုကဗျာကို အခုချိန်ထိ သိပြီးချစ်နေပေးတဲ့ ပရိသတ်တွေ ရှိတယ်။ အရမ်းကျေးဇူးတင်တယ်။ ဆုကဗျာက အရင်ကလည်း အနုပညာသေချာ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ဆုကဗျာဆိုတဲ့ နာမည်လေးကို သိနေပေးကြလို့လည်း အရမ်း ကျေးဇူးတင်ပါတယ်။ ဆုကဗျာ အနုပညာပဲလုပ်လုပ်၊ ဘာသာရေးလုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ် အကုန်လုံး ကျန်းမာ ချမ်းသာကြပါစေ ဆုတောင်းပါတယ်”လို့ ဆုကဗျာက ပြောပါတယ်။
သရုပ်ဆောင် ဆုကဗျာကတော့ အနုပညာတွေ မလုပ်ဖြစ်တော့ပေမယ့် နိုင်ငံတော် ဂုဏ်ပြု ဇာတ်ကားတွေမှာတော့ ပါဝင် သရုပ်ဆောင်ပေးနေပါသေးတယ်။
You may also like these stories:
“တန်ဖိုးကြီး အနုပညာသမားတွေ ဆုံးရှုံးရမှာ ကြောက်တယ်”လို့ ကျင်ဝှက် ပြော
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရုပ်ရှင်ကဏ္ဍများ ဆွေးနွေးမှု ပြုလုပ်မည်
အသက် ၆၀ ပြည့်ရင် တရားအားထုတ်တော့မယ့် ဒါရိုက်တာ ကြည်ဖြူသျှင်