အကယ်ဒမီနေတိုးကတော့ အမြဲတမ်းပရိသတ်တွေမေးတဲ့ မေးခွန်းတွေပဲဖြေလာရတာ များနေပြီဖြစ်တဲ့အတွက် ပရိသတ်ကို မေးခွန်းပြန်မေးချင်စိတ်ဖြစ်ပေါ်လာတာကြောင့် မေးခွန်း ၁၅ခုကို မေးမြန်းခဲ့ပါတယ်။
“မေးတာတွေပဲဖြေလာရတာ များလာတော့ တခါတခါ ပရိသတ်ကိုလည်း ပြန်မေးချင်စိတ်ဖြစ်ဖြစ်လာပါတယ်။ အဲဒါကြောင့် မေးခွန်း ၁၅ ခုမေးဖို့ စဉ်းစားထားပါတယ်” လို့ နေတိုးကပြောပါတယ်။
ဒီမေးခွန်းတွေကတော့ သူ့ကို အပြင်မှာမြင်ဖူးလား ၊ စကားပြောဖူးလား ၊ ထိတွေ့ဖူးလား ၊ Message ပို့ဖူးလား ၊ လက်ဆောင် တခုခုပေးဖူးလား ၊ သူ့ဆီက လက်ဆောင်တခုခုပြန်ရဖူးလား ၊ သူ့ကိုစနောက်ဖူးလား ၊ သူ့ဆီက တုန့်ပြန်မှုတခုခုရဖူးလား ၊ ဓါတ်ပုံတွဲရိုက်ဖူးလား အစရှိတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။
ဒီအစီအစဉ်ကိုတော့ နေတိုးက သူနဲ့ပရိသတ်တွေကြားထဲမှာ အမှတ်တရတခုကို ဖန်တီးစုစည်းခြင်းသက်သက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ မေးခွန်းများဖြေပေးတဲ့သူတွေကိုလည်း နေတိုးက တဦးချင်းစီကို Reply ပြန်ထားပြီး Facebook ကသတ်မှတ်ချက် ကျော်လွန်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။
နေတိုးကတော့ အခုလို ကိုဗစ်ကာလအတွင်းမှာ ပရိသတ်နဲ့အဆက်မပြတ်စေရန် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Live များ ၊ ပုံများတင်တာတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။
နှင်းဆီအဖွဲ့ရဲ့ အွန်လိုင်း Unplugged Show ကိုလည်း စက်တင်ဘာလ ၂ရက်နေ့ ည၇နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး မင်းမော်ကွန်း ၊ နေတိုး ၊ ကျော်ကျော်ဗိုလ် ၊ ထွန်းထွန်း ၊ ရဲလေး တို့က ဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။