ပြီးခဲ့တဲ့လက ကွယ်လွန်ခဲ့တဲ့ ဘောလိဝုဒ်မင်းသား Sushant Singh Rajput ရဲ့ သေဆုံးမှုအကြောင်း စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် စိတ်ရောဂါ အထူးကုဆရာဝန်နဲ့ စိတ်ရောဂါကုထုံး ပညာရှင် ၃ ဦးရဲ့ ထုတ်ပြန်ချက်တွေကို ရဲတပ်ဖွဲ့က မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ အကြီးတန်းအရာရှိတဦးက ဇူလိုင်လ ၂၀ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ရဲတပ်ဖွဲ့ လက်ထောက် ကော်မရှင်နာမင်းကြီး Abhishek Trimukhe က သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က အဲ့ဒီမှတ်တမ်းတွေကို လွန်ခဲ့တဲ့ ၃၊ ၄ ရက်လောက်က မှတ်တမ်းတင်ခဲ့တာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ကွယ်လွန်သူ မင်းသားဟာ စိတ်ကျန်းမာရေးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေခဲ့တာကြာပြီဖြစ်ပြီး အခုလိုမျိုး ဆရာဝန်တွေဲ့ ပြောဆိုချက်ကိုလည်း သေဆုံးမှုဖြစ်စဉ် တစိတ်တပိုင်းအဖြစ် မှတ်တမ်းတင်ထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ မင်းသား Sushant ဟာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကတည်းက စိတ်ကျရောဂါအတွက် ကုသမှုခံယူနေရတာဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
အသက် ၃၄ နှစ်အရွယ် မင်းသားကို ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့တုန်းက Bandra အရပ်မှာရှိတဲ့ သူ့ရဲ့ တိုက်ခန်းထဲမှာ သေဆုံးလျက်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဒါဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ မင်းသားဟာ စိတ်ကျရောဂါအတွက် ဆေးသောက်နေရခဲ့ရတာကို မွမ်ဘိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဟာ ဒါရိုက်တာ Sanjay Leela Bhansali ၊ ဘောလိဝုဒ် သရုပ်ဆောင်ရေးရာ ဒါရိုက်တာ Mukesh Chhabra ၊ မင်းသမီး Sanjana Sanghi နဲ့ မင်းသား Sushant ရဲ့ သူငယ်ချင်း Sandip Singh တို့အပါအဝင် လူပေါင်း ၃၆ ဦးဆီက မှတ်တမ်းတွေကိုလည်း ရယူထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
မင်းသားရဲ့ သူငယ်ချင်း Rhea Chakraborty ဟာလည်း ရဲတပ်ဖွဲ့ထံ မှတ်တမ်းရယူပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူ Aditya Chopra ဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့တုန်းက Versova ရဲစခန်းမှာ ဒီဖြစ်စဉ်နဲ့ ဆက်စပ်လို့ မှတ်တမ်းပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
မင်းသားဟာ Shuddh Desi Romance, Raabta, Kedarnath နဲ့ Sonchiriya တို့လိုမျိုး နာမည်ကျော် ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ “MS Dhoni: The Untold Story” ရုပ်ရှင်မှာ ခရစ်ကတ်ကစားသမား Mahendra Singh Dhoni အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေက သဘောကျ နှစ်ခြိုက်ခဲ့ပါတယ်။
Ref: hindustantimes
You may also like these stories:
အောက်တိုဘာလမှာ အက်ရှင် ကာတွန်းစာအုပ် ဖြန့်ချိဖို့ရှိနေတဲ့ Keanu Reeves
ကိုရီးယားအနုပညာရှင်တွေရဲ့ Tiktok အကောင့်တွေ ဖျက်ခံရ
၂၀၂၀ အတွက် လူကြည့်အများဆုံးရုပ်ရှင်အဖြစ် “Peninsula” စံချိန်တင်