သဘင်ပညာရှင်များ စုပေါင်းပြုလုပ်ထားတဲ့ “ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော်အတွက် သရုပ်ဆောင် နေတိုးက အလှူငွေ ၁၀ သိန်း ပါဝင် လှူဒါန်းခဲ့ပါတယ်။
“သဘင်ပညာရှင်များရဲ့ “ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော် အစီအစဉ်အတွက် ထပ်မံပြီးတော့ အလှူငွေ ၁၀ သိန်း ပါဝင် လှူဒါန်းဖြစ်ပါတယ်။ “ကုသိုလ်လည်းရ ဝမ်းလည်းဝ” ဆိုတဲ့ မြန်မာစကားပုံလေးတခုကို သွားသတိရမိပါတယ်။ ကောင်းသော အသက်မွေးခြင်းဖြင့် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသကဲ့သို့ ကောင်းသော အမှုကို သူတပါးအတွက် စေတနာကောင်းနဲ့ ဆောင်ရွက်ပေးခြင်းဖြင့် မိမိအကျိုးလည်း တပါတည်းပြည့်စုံတယ်လို့ ဆိုလိုတာပါ” လို့ နေတိုးက ပြောပါတယ်။
အလှူလုပ်ချင်တဲ့အတွက် အစားအသောက်များကို အခုလို အွန်လိုင်းပေါ်ကနေ မှာယူနိုင်အောင် ကြိုးစားကြတဲ့ သဘင်ပညာရှင်များနဲ့ မှာယူစားသောက်ကြတဲ့ မိဘပြည်သူတွေဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝစေမှာအမှန်ပဲလို့ ဆိုပါတယ်။
“အလှူလုပ်ချင်လို့ အစားအသောက်များကို အခုလို အွန်လိုင်းပေါ်ကနေ မှာယူလို့ရအောင် ကြိုးစားနေကြတဲ့ သဘင်ပညာရှင်တွေရော မှာယူစားသောက်ကြတဲ့ မိဘပြည်သူတွေ အားလုံးအားလုံးဟာ “ကုသိုလ်လည်းရ ဝမ်းလည်းဝ” ဆိုတဲ့အတိုင်း လောကီအတွက်ရော လောကုတ္တရာအတွက်ပါ နှစ်ဦးနှစ်ဖက်လုံး အကျိုးထူးရစေမှာ အမှန်ပဲ ဖြစ်ပါတယ်” လို့ နေတိုးက ပြောပါတယ်။
ဆက်လက်ပြီး “ဒါကြောင့်မို့လို့ လက်လှမ်းမီသော ပြည်သူများအနေနဲ့ သဘင်ပညာရှင်များရဲ့ နှလုံးသားများရဲ့ နှလုံးသားဖြင့် ချက်ပြုတ် ကြော်လှော်ထားသော အစားအစာ ဟင်းပွဲများကို မှာယူစားသုံးရင် ကုသိုလ်လည်းရ ဝမ်းလည်းဝကြပါစေ။ ပရိသတ်များ အားလုံးကိုလည်း ကုသိုလ်အမျှ ပေးဝေပါတယ်ခင်ဗျာ” လို့ ပြောထားပါတယ်။
အဆိုပါ သဘင်ပညာရှင်များ စုပေါင်းပြုလုပ်တဲ့ “ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော်ကတော့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေစာပုံပြိုကျမှုကြောင့် နစ်နာခဲ့တဲ့ ပြည်သူများအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
နေတိုးနဲ့ ကောလာဟလတွေကို ပြန်ဖြေရှင်းခဲ့တဲ့ သရုပ်ဆောင် ပန်းပန်
ပရိသတ်ကို မေးခွန်း ၁၅ ခုပြန်မေးခဲ့တဲ့ နေတိုး
ကချင်ရိုးရာကြက်ကင်ရောင်းနေတဲ့ အဆိုတော်မိုင်းမိုင်ဆိုင်း