COVID-19 ရောဂါကြောင့် ရိုက်ကူးရေးတွေ ရက်နားထားရပြီး ဒီကာလမှာ အလုပ်တွေ ပါးနေလို့ ရုပ်ရှင် ပြန်ရိုက်ရရင် ကောင်းမယ်လို့ လူကြမ်း သရုပ်ဆောင် အရိုင်းမင်းက ပြောပါတယ်။
“ဇာတ်ကားတွေ မရိုက်ရတာလည်း ၃ လကျော်လောက် ရှိပြီပေါ့။ နောက်ဆုံးရိုက်ခဲ့တာက ဒါရိုက်တာကိုပေါက်နဲ့ ၄ ရက်ပဲ ရိုက်ရသေးတယ်။ တီးတိန်မှာ ကိုဗစ်လူနာ တွေ့တော့ ပြန်လာရတာ။ ၄ ရက်ဆိုတော့ ကားတပိုင်းတောင် မကျသေးဘူး။ ဘာပဲဖြစ်ဖြစ် အလုပ်မရှိဘူးပေါ့”
“၃ လလောက်ကျော်၊ ၄ လလောက် အရမ်းခက်ခဲနေတာ။ အိမ်ငှားခလည်း မပေးနိုင်တာ ၃ လ ရှိပြီ။ အိမ်ရှင်က ကိုဗစ်ကာလပြီး အလုပ်တွေ ပြန်လုပ်ရမှ ပေးနိုင်သလောက်လေး ဖဲ့ပေးပါလို့တော့ ပြောတယ်။ အိမ်ရှင်ကလည်း တော်တော်လေး မျက်နှာထောက်တော့ တော်သေးတာပေါ့။ ရုပ်ရှင်တွေ ပြန်ရိုက်ရရင်တော့ အရမ်းကောင်းတာပေါ့”လို့ လူကြမ်းသရုပ်ဆောင် အရိုင်းမင်းက ပြောပါတယ်။
ဆက်လက်ပြီး အရိုင်းမင်းက သရုပ်ဆောင် အလုပ်ဆိုတာ ပုံသေ ဝင်ငွေ မရှိတဲ့ အတွက် ချွေတာပြီး သုံးရတာကြောင့် အခုလိုအချိန်မှာ အဆင်မပြေကြတာလို့ ဆိုပါတယ်။
“ကျနော်တို့က အစိုးရအလုပ် မဟုတ်ဘူး။ ပုဂ္ဂလိကအလုပ် ဆိုတော့ အလုပ်က ပုံသေ မရှိဘူး။ ကားရိုက်တဲ့ အချိန်ပဲ ပိုက်ဆံရတာ။ ကားရိုက် မရှိတဲ့အချိန် ချွေတာပြီး သုံးရတာ။ အခုလို ကိုဗစ်တွေ ဖြစ်တော့ အဆင်မပြေကြဘူးပေါ့”လို့ အရိုင်းမင်းက ဆိုပါတယ်။
အဆင်မပြေမှုတွေကို ပြောတဲ့အခါ ပရိသတ်အချို့က အနုပညာရှင်တွေက ငိုပြတယ်လို့ ပြောဆိုကြတဲ့အပေါ်လည်း အရိုင်းမင်းက အခုလိုပဲ ပြောပါတယ်။
“ကျနော်တို့ကို ငိုပြတယ်ဆိုပြီး ပြောဆိုနေကြတာတွေ ရှိတယ်။ ကျနော်တို့က ငိုပြတာ မဟုတ်ဘူး။ ကိုယ်ဖြစ်နေတဲ့အတိုင်းကို ကိုယ်ပြောတာပါ။ ကျနော်တို့က ညည်းတာ မဟုတ်ပါဘူး။ အဆင်မပြေတာကိုမေးလို့ ပြောပြတာပါ။ နိုင်ငံတော်က ထောက်ပံ့ငွေ မရဘူး။ ကျနော်တို့က အနုပညာရှင်ဆိုပြီး အထင်ကြီးတယ်။ နယ်မှာဆိုလည်း အဲ့လိုပဲ”
“ရုပ်ရှင်သမား ရေဝယ်သောက်ရင်တောင် ၂၀၀ ကနေ ၅၀၀ ဖြစ်သွားတယ်။ ကျနော်တို့က မင်းသား၊ မင်းသမီးလည်း မဟုတ်၊ ထုတ်လုပ်သူလည်း မဟုတ်ဘူး။ ပိုက်ဆံ တပဲခြောက်ပြားနဲ့ လိုက်ရိုက်ရတာ။ ရုပ်ရှင်သမားပိုက်ဆံ အများကြီးရတယ်လို့ ထင်ကြတယ်။ အထင်ကြီးတာလေးတွေလည်း လျှော့ကြပါလို့”လို့ အရိုင်းမင်းက ပြောပါတယ်။
လူကြမ်း သရုပ်ဆောင် အရိုင်းမင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်လာတာ အနုပညာသက်တမ်း ၃၇ နှစ်ကျော် ရှိပါပြီ။ မြန်မာ့ရိုးရာ လက်ဝှေ့သမားဘဝကနေ အနုပညာလောကကို ဝင်ရောက်လာတဲ့ အရိုင်းမင်းဟာ အနုပညာလုပ်ငန်းများကို အတတ်နိုင်ဆုံး မသေခင်ထိ ဆက်လက် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
You may also like these stories:
“ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော်မှာ ၁၀ သိန်း လှူဒါန်းခဲ့တဲ့ နေတိုး
ပရဟိတအလုပ်ကို ခေတ္တရပ်နားကာ အဓိဋ္ဌာန်ဝင်မယ့် ကျော်သူ
“တန်ဖိုးကြီး အနုပညာသမားတွေ ဆုံးရှုံးရမှာ ကြောက်တယ်”လို့ ကျင်ဝှက် ပြော