ဂျပန်မင်းသား Haruma Miura ကို ဇူလိုင် ၁၈ ရက်က သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ စုံစမ်းရေး သတင်းအရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။ အသက် ၃၀ အရွယ် မင်းသားကို တိုကျိုက နေအိမ်မှာ လဲကျနေတာ အရင်ဆုံး တွေ့ခဲ့ကြတာပါ။
တိုကျိုမြို့၊ Minato မှာရှိတဲ့ နေအိမ်ကို မန်နေဂျာဖြစ်သူက မင်းသားနဲ့ အဆက်အသွယ် မရတာကြောင့် လိုက်လာရာမှ လဲကျနေတာကို တွေ့ခဲ့ရပြီး ဆေးရုံပို့ပေးခဲ့ပေမယ့် သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရဲဌာနကတော့ မင်းသား Miura ဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တာ ဖြစ်တယ်လို့ ယူဆထားပါတယ်။ ဒါပေမဲ့ သေတမ်းစာ ကိုတော့ နေအိမ်မှာ မတွေ့ခဲ့ကြပါဘူး။
“Bloody Monday”, “Last Cinderella”, “Gokusen” စတဲ့ တီဗီဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားဟာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းအေဂျင်စီတခု ဖြစ်တဲ့ Amuse Inc နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အသက် ၇ နှစ် အရွယ်မှာပဲ NHK ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသခဲ့တဲ့ “Agri” မှာ ပွဲဦးထွက်ပါဝင်ခွင့်ရခဲ့ပါတယ်။
ဒီ့နောက်မှာတော့ ၂၀၀၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Koizora” နဲ့ ၂၀၁၀ ခုနှစ်က “Kimi ni Todoke” ရုပ်ရှင်တွေနဲ့ လူသိများလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ မင်းသား Miura ဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ စစ်ပွဲကာလအတွင်း တိုက်လေယာဉ်မှူး တဦးရဲ့အကြောင်းကို ပုံဖော်ထားတဲ့ “The Eternal Zero” ရုပ်ရှင်နဲ့ ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။
ရုပ်ရှင်ပိတ်ကားပေါ်တင် မဟုတ်ဘဲ ပြဇာတ် အများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ၂၀၁၆ ခုနှစ်က Broadway တေးသံစုံပြဇာတ်တပုဒ်ကို ဂျပန်နိုင်ငံက ပြန်လည်ပုံဖော်ထားတဲ့ “Kinky Boots” မှာ သရုပ်ဖော် ကပြခဲ့ပါတယ်။
မင်းသား Miura မသေဆုံးခင် ၃ ရက်အလိုမှာ Instagram အကောင့်ကနေ အသစ်ထွက်မယ့် ဇာတ်လမ်းတွဲ “Love Will Begin When Money End” ကို အားပေးဖို့ ပို့စ်တင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ ထွက် ရှိမယ့် “Brave: Gunjyo Senki” မှာလည်း ပါဝင်ထားပါတယ်။ မင်းသားရဲ့ အေဂျင်စီကတော့ သေဆုံးမှုအတွက် မယုံကြည်နိုင်သေးဘဲ အတည်ပြုပေးဖို့ တောင်းဆိုနေတဲ့ ပရိသတ်တွေကို တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။
Haruma Miura ကို ဂျပန် manga ကနေ ပြန်အသက်သွင်းထားတဲ့ “Attack On Titan” ဇာတ်ကားအပြင် “From Me To You” နဲ့ “The Eternal Zero” တွေက လူသိများကျော်ကြား စေခဲ့တာပါ။ ထွက်ရှိလာတော့မယ့် စင်ကာပူနိုင်ငံမှာပါ သွားရောက်ရိုက်ကူးထားတဲ့ “Confidence Man JP: Episode of the Princess ” ရုပ်ရှင်မှာလည်း မြင်တွေ့ရဦးမှာပါ။
Ref: Japan Times , CNA Lifestyle
You may also like these stories:
အောက်တိုဘာလမှာ အက်ရှင် ကာတွန်းစာအုပ် ဖြန့်ချိဖို့ရှိနေတဲ့ Keanu Reeves
၂၀၂၀ အတွက် လူကြည့်အများဆုံးရုပ်ရှင်အဖြစ် “Peninsula” စံချိန်တင်
ညီမကို ကယ်တင်ခဲ့တဲ့ ကောင်လေးအတွက် ဒိုင်းအစစ် ပို့ပေးမယ့် Chris Evans