တရုတ်နိုင်ငံမှာ COVID-19 ရောဂါကြောင့် နိုင်ငံလုံးကျွတ် အသွားအလာ ကန့်သတ်မှုကို အချိန် ၆ လလောက် သတ်မှတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကလို့ နိုင်ငံတဝန်းမှာရှိတဲ့ မြို့တော်တော်များများက ရာနဲ့ချီတဲ့ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာ့နေရာ တချို့မှာ ကူးစက်မှု အရှိန်မြင့်တက်နေဆဲဖြစ်တဲ့ ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြသမှု တခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ COVID-19 အရေး စိုးရိမ်မှုတွေရှိနေဆဲဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အွန်လိုင်းကနေပဲ လက်မှတ်ရောင်းချတာ၊ မုန့်ဆိုင်တွေ ပိတ်ထားတာ၊ ရုံတွင်း လူအချင်းချင်း ခပ်ခွာခွာနေခိုင်းတဲ့ လုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်နေပါတယ်။
ရုပ်ရှင်ရုံတွေဟာ ပွဲစဉ်တခုချင်းစီကို သူတို့ပြသနိုင်တဲ့ ခုံအရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းကျော်တဲ့အထိ ရောင်းချခွင့် မရှိတဲ့အပြင် ထိပ်တန်း လက်မှတ်ရောင်းချတဲ့ App တွေမှာ ခုံရွေးချယ်တဲ့ ဇယားရဲ့ ဖော်ပြချက်တွေအရ ရုပ်ရှင်ရုံ တော်တော်များများမှာ လူတွေဟာ အနည်းဆုံး ခုံနှစ်ခုံခြားပြီး ထိုင်ဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ရုပ်ရှင်ရုံလုပ်ငန်းစုဖြစ်တဲ့ SFC မှ ရှန်ဟိုင်း ဒေသ မန်နေဂျာ Bao Yaopei က “ကျနော်တို့ရုပ်ရှင်ရုံကို ဘယ်တော့ပြန်ဖွင့်မှာလဲဆိုပြီး ကြည့်တဲ့ပရိသတ်တွေထံက တောင်းဆိုမှုတွေ ရရှိထားတာကြောင့် ကျနော်တို့က အကောင်းဆုံးမျှော်လင့်ထားပါတယ်” လို့ ဆိုပါတယ်။
Bao က ပြီးခဲ့တဲ့ဇူလိုင်လ ၂၀ ရက်နေ့ ရုပ်ရှင်ရုံတွေ ပထမဆုံး ပြန်လည် မဖွင့်လှစ်မီ ပြောဆိုခဲ့တာ ဖြစ်ပြီး ဝန်ထမ်းတွေဟာ ထိုင်ခုံတွေကို ဆေးကြောရှင်းလင်းတာနဲ့ 3D မျက်မှန်တွေကို ပိုးသတ်၊ ဆပ်ပြာသုတ်ထားတဲ့ အဝတ်တွေနဲ့ ဆေးကြောတာမျိုး လုပ်ဆောင်နေရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ပရိသတ်တွေကတော့ ရုပ်ရှင်ရုံထဲကို တခြားလူတွေနဲ့ အတူတူ ဝင်ထိုင်ပြီး ရုပ်ရှင်က ပေးမယ့် ပျော်ရွှင်မှုကို အတူတူခံစားဖို့ မျှော်လင့်နေကြပြီလို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုတွေ ရှိနေဆဲဖြစ်တဲ့ မြို့တော် ပေကျင်းမှာတော့ ရုပ်ရှင်ရုံတွေကို အခုထိ ဆက်လက် ပိတ်ထားရဆဲ ဖြစ်ပါတယ်။ ပေကျင်းမြို့မှာရှိတဲ့ ပန်းခြံတွေ၊ ပြတိုက်တွေ၊ အားကစားစင်တာတွေနဲ့ စာကြည့်တိုက်တွေအနေနဲ့ ပုံမှန်လူဝင်နှုန်းရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ နေ့စဉ် ဝင်ခွင့်ပြုထားပြီး ဘေးကင်း လုံခြုံမှုရှိတဲ့ အနေအထားနဲ့ လူ ၅၀၀ အထိ ပါဝင်တဲ့ ဆွေးနွေးပွဲတွေကိုလည်း ပြုလုပ်နိုင်ခွင့်ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ နှောင်းပိုင်းမှာ ပိတ်ခဲ့ရတဲ့ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်မယ်လို့ တရုတ် ရုပ်ရှင် အာဏာပိုင်တွေက လွန်ခဲ့တဲ့ မတ်လက ကြေညာခဲ့ပေမယ့် နိုင်ငံတဝန်း ရောဂါ ကူးစက်မှုအသစ်တွေ တွေ့လာရတာကြောင့် ပြန်ဖွင့်မယ့် အချိန်ကို ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ရုပ်ရှင်လုပ်ငန်းစု Wanda Film က အခုနှစ် ပထမနှစ်ဝက်မှာ အနည်းဆုံး ဒေါ်လာ ၂၁၄ သန်းအသားတင် အရှုံးပေါ်မယ်လို့ ခန့်မှန်းထားပါတယ်။
Ref: thejakartapost
You may also like these stories:
“Tenet” ရုပ်ရှင် ရုံတင်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရုပ်ရှင်ကဏ္ဍများ ဆွေးနွေးမှု ပြုလုပ်မည်