မန္တလေးမှာ မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ အဆိုတော်ရသအား မြင်းခြံထောင်သို့ ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
“ကျနော်တို့ သူငယ်ချင်းတွေထဲမှာ သည်းခံအတတ်ဆုံး၊ စိတ်ထားကောင်းတဲ့ ရသကို မှတ်မိကြသေးလား။ မူးယစ်ဆေးဝါး ပြစ်ဒဏ်ပေးခံရတယ်။ စိတ်မကောင်းဘူး။ အခု ဒီထက် ပိုကြေကွဲစရာက ၂၀၀၀ ခုနှစ်က ရသက အဆင်ပြေပါတယ်။ အခု အဆင်မပြေဘူး။ အဖေ၊ အမေတွေကလည်း အသက်အရွယ်တွေ ရနေကြတော့ ထောင်ဝင်စာ သွားမတွေ့နိုင်ဘူး”
“ပိုက်ဆံလေးပဲလွှဲပြီး နီးစပ်ရာနဲ့ ထောင်ဝင်စာ ပို့ပေးရတာ။ တလတခါ ထောင်ဝင်စာအတွက် ကျနော်လစဉ် တတ်နိုင်သလောက် ကူဖို့ တာဝန်ယူခဲ့ပါတယ်” လို့ ယုန်လေးက ပြောပါတယ်။
ဒီလိုအဆင်မပြေတဲ့ကြားထဲမှာပဲ ယခင်ကျခံနေရတဲ့ မန္တလေးအိုးဘိုထောင်ကနေ မြင်းခြံထောင်ကို ပြောင်းရွှေ့ခဲ့ရတာကြောင့် အဆင်မပြေမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
“ထောင်ဝင်စာ မလာတဲ့သူဆို ဘယ်လောက် မျက်နှာငယ်၊ ဘယ်လောက် ဖိနှိပ်ခံရတယ်ဆိုတာ ထောင်ကျဖူးတဲ့လူတိုင်း သိပါတယ်။ အိုးဘိုထောင်က ထောင်ပိုင်ကြီးကတော့ ကောင်းပါတယ်။ အခုအဆင်မပြေတဲ့ သောကတွေကြားထဲက ဒုထောင်ပိုင်ရဲ့ လုပ်ရက်ချက်၊ အထာ မထားချက်။ မနက်မှတောင် မဟုတ်ဘူး။ ညတွင်းချင်း ထောင်ပြောင်း ထည့်လိုက်တယ်။ မြင်းခြံထောင်တဲ့”
“တခြားသူတွေတောင် မနက်မှ အေးအေးဆေးဆေး ပြင်ဆင်ပြီး ပြောင်းရတာပါ။ မြင်းခြံထောင်ကြောင့် ဘာကြောင့် မဟုတ်ဘူး။ နေသားကျတဲ့ တနေရာက နောက်တနေရာ ထပ်ရွှေ့တဲ့အခါ အဆင်မပြေမှုတွေ အများကြီး ရှိပါတယ်”လို့ ယုန်လေးက ပြောပါတယ်။
ရသရဲ့ မိဘတွေက သောကရောက်ပြီး ယုန်လေးထံ ဖုန်းဆက်ကာ ရင်ဖွင့်ခဲ့တာကြောင့် စိတ်မကောင်းဖြစ်ခဲ့ရပြီး သူငယ်ချင်းဖြစ်သူ ရသကို မြင်းခြံထောင်ပိုင်ကြီးမှ စောင့်ရှောက်ပေးဖို့အတွက်လည်း တောင်းဆိုထားပါတယ်။
အယူခံတွေ မလိုက်နိုင်တဲ့အတွက်ကြောင့်လည်း လွတ်ငြိမ်းချမ်းသာ အတွက် မပါခဲ့ဘဲ အထဲမှာ အနေအစားလည်း ကျပ်တည်းခဲ့ရပြီး အကူအညီ လိုအပ်နေတဲ့အတွက်ကြောင့် ရသရဲ့သီချင်းကောင်းများကို ယူသုံးပေးကြဖို့နဲ့ ယူသုံးမယ်ဆိုရင်လည်း ရသရဲ့မိဘများနဲ့ ဆက်သွယ်ပေးမယ်လို့ ယုန်လေးက ဆိုထားပါတယ်။
“ကျနော်တို့ သူငယ်ချင်း ရသအတွက် ကျနော်တို့တွေ တတ်နိုင်သလောက် ဝိုင်းကူကြရအောင်။ အယူခံတွေလည်း မလိုက်နိုင်လို့ နိုင်ငံတော်လည်း မပါခဲ့ပါဘူး။ အထဲမှာ အနေအစားလည်း ကျပ်တည်းခဲ့ပါတယ်။ ကူညီမယ့် အနုပညာ ညီအစ်ကိုမောင်နှမများ ဆက်သွယ်ပေးပါ”
“တကယ်ကြီးကို အကူအညီ လိုနေတာပါ။ ရသ သီချင်းကောင်းတွေ အများကြီးပါ။ ယူသုံးပေးကြပါ။ ယူဆိုပေးကြပါ။ ရသ အမေနဲ့ ဆက်သွယ်ပေးပါ့မယ်။ ဒါလည်း ကူညီရာရောက်ပါတယ်”လို့ ယုန်လေးက ပြောထားပါတယ်။
အဆိုတော် ရသ (ခေါ်) ရဲမင်းသိန်း အပါအဝင် ၃ ဦးကိုတော့ ၂၀၁၈ ခုနှစ်၊ သြဂုတ်၁၄ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အအေးခန်းဧည့်ရိပ်မွန်တခုမှာ WY လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၆၀၀ ပြားကျော်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး မယ ၁၁/၂၀၁၈ ၊ ၁၉(က) ဖြင့် ၃ လကျော်ကြာ တရားရင်ဆိုင်ခဲ့ပြီး အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတာပဲ ဖြစ်ပါတယ်။
You may also like these stories:
စိတ်အားတင်းပြီး ဘဝကို နေထိုင်နေတဲ့ ထက်ထက်မိုးဦး
ရိုက်ကူးရေးတွေ အမြန်ဆုံး ပြန်စစေချင်တဲ့ ဇာတ်ပို့ ဇော်ဇော်နဲ့ ကျော်ကြီး
ဈေးရောင်းတာထက် အနုပညာအလုပ်ကို ပိုလုပ်ချင်တဲ့ စည်သူ (ပလပ်ကျွတ်)