ကာမလိမ်လည်မှုဖြင့် အလှမယ် သင်းသင်းရဲ့ တရားစွဲဆိုခြင်းကို ခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ တရားစွဲဆိုထားခဲ့တဲ့ အချိန် ၁ နှစ်ခွဲအတွင်း ဘာမှမပြောဘဲ သက်သေများကိုသာ ထိုင်နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။
“တနှစ်ခွဲလောက် ကျနော့်ဘက်က ဘာမှ မပြောဘူး။ အခုထက်ထိ ဘာမှ မပြောရသေးဘူး။ တနှစ်ခွဲလုံး တင်တဲ့ သက်သေတွေကို ထိုင်နားထောင်နေခဲ့တယ်။ ဒီနေ့ကတော့ ပြန်လှန် စစ်မေးအတွက် ၃ ချိန်းမြောက်ပေါ့။ ဒါဟာ ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်နေရတာပါ။ သူ့ဘက်ကလည်း သူမှန်တယ်ပြောသလို ကျနော့်ဘက်ကလည်း မှန်တယ်ပြောမှာပဲလေ။ ဒါကိုတရားရုံးကနေ ဆုံးဖြတ်မှာ”
“အဲ့အတွက် ဒီဟာကို တယောက်နဲ့ တယောက် ဘယ်သူ့ရဲ့ဂုဏ်သိက္ခာကိုမှ ထိခိုက်စေဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ပြောသင့်ပြောထိုက်တာ၊ လုပ်သင့် လုပ်ထိုက်တာကို ကျနော့်ရှေ့နေတွေက လုပ်ထားတာပါ” လို့ ဝေဠုကျော်က ပြောပါတယ်။
လက်ရှိမှာတော့ ဝေဠုကျော်ဘက်က ရှေ့နေမှ တရားလိုဖြစ်သူ သင်းသင်းကို အပြန်အလှန် မေးခွန်းများကို စစ်မေးတာဟာ ရုံးချိန်း ၃ ချိန်းရှိပြီဖြစ်ပြီး ပြောသင့်ပြောထိုက် လုပ်သင့်လုပ်ထိုက်တာတွေကို ရှေ့နေများက လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
သင်းသင်းကိုတော့ ဝေဠုကျော်ရဲ့ရှေ့နေဖြစ်သူမှ ယခင်က အလားတူ အမှုမျိုး ရှိခဲ့ဖူးလားဆိုတဲ့ အကြောင်းအရာများကို မေးမြန်းခဲ့ပြီး မစွဲဖူးဘူးဆို၍ လိမ်ညာထွက်ဆိုခဲ့တာကြောင့် သင်းသင်းကို အရေးယူပေးရန်အတွက် တရားရုံးမှာ လျှောက်ထားတယ်လို့ သိရပါတယ်။
“ကျနော့် ရှေ့နေက အမှုတခုကို စွဲခဲ့ဖူးလားပေါ့။ နောက်ဆက်တွဲအမှုကို စွဲဖူးသေးလားဆိုတော့ မစွဲခဲ့ဖူးဘူးလို့ ဖြေတယ်။ စွဲဖူးတဲ့အကြောင်းကိုလည်း ဒီကသက်သေ အခိုင်အလုံ ရထားတယ်။ ဒီဘက်က တင်တယ်။ အဲ့တော့ စွဲဖူးတဲ့အမှုတခုကို မစွဲဖူးဘူးလို့ လိမ်ညာထွက်တဲ့အတွက် ပုဒ်မ ၁၉၉ နဲ့ အရေးယူပေးဖို့အတွက် လျှောက်ထားတယ်” လို့ ဝေဠုကျော်က ပြောပါတယ်။
အဆိုပါ အရေးယူပေးရန် လျှောက်ထားမှုကိုတော့ အမှုနဲ့သက်ဆိုင်လို့သာ လျှောက်ထားတာဖြစ်ပြီး တရားရုံးက ခွင့်ပြုပါက ဆက်လက် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဝေဠုကျော်ရဲ့ရှေ့နေဖြစ်သူက ပြောပါတယ်။
“ကျနော်တို့က စွဲတာ မဟုတ်ဘူး။ တရားရုံးမှာ အရေးယူပေးဖို့အတွက် လျှောက်ထားတာပါ။ စွဲတာမဟုတ်ပါဘူး။ ကျနော်တို့မှာ အဲ့လိုအာဏာလည်း မရှိဘူး။ တရားရုံးကို လျှောက်ထားတာ တရားရုံးကခွင့်ပြုရင်တော့ စွဲရင်စွဲမှာပေါ့။ တရားရုံးက ဘာလုပ်မယ်ဆိုတာ ကျနော်တို့လည်း ပြောလို့မရသေးပါဘူး” လို့ ရှေ့နေဖြစ်သူ ဦးဝေဖြိုးမြတ်က ပြောပါတယ်။
ဆက်လက်ပြီး “အမှုနဲ့ သက်ဆိုင်ခြင်း မရှိဘူးဆိုရင် တင်လို့လည်း မရဘူး။ လျှောက်ထားလို့လည်း မရဘူး။ အမှုနဲ့ သက်ဆိုင်တာတွေကို တင်ပြလို့သာ တရားရုံးမှာ လက်ခံထားတာ။ အမှုနဲ့ မဆိုင်ပါဘူး။ လက်မခံပါဘူးဆိုတာ တရားရုံးက ပြောလို့ မရဘူး။ အမှုနဲ့ သက်ဆိုင်တဲ့အတွက် သက်သေခံလည်း သွင်းထားပြီးပြီ။ တရားသူကြီး ကိုယ်တိုင်ကလည်း သက်သေခံအဖြစ် လက်ခံထားပြီးပါပြီ” လို့ ပြောပါတယ်။
ဝေဠုကျော်ကလည်း သူ့ရဲ့ရှေ့နေ ၂ဦးရဲ့ စွမ်းဆောင်မှုများကြောင့် အခုလိုရှေ့ဆက်သွားနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော့် ရှေ့နေ ၂ယောက် ရှိပါတယ်။ ကိုဖိုးဖြူရယ်၊ ကိုဝေဖြိုးမြတ်ရယ်ပါ။ ကိုဖိုးဖြူ အရမ်းတော်ပါတယ်။ ကိုဝေဖြိုးမြတ် အရမ်းကြိုးစားပါတယ်။ သူတို့ စွမ်းဆောင်ပေးမှုနဲ့ ကျနော် ဆက်ပြီး သွားနေတာပေါ့” လို့ ဝေဠုကျော်က ပြောပါတယ်။
သရုပ်ဆောင် ဝေဠုကျော်အား တရားလိုဖြစ်သူ သင်းသင်းမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။
You may also like these stories:
“ကိုယ့်ကိုယ်ကိုယ် အသက်အန္တရာယ် စိုးရိမ်နေရတယ်”လို့ သင်းသင်း ပြော
အဆိုတော် ရသအား မြင်းခြံအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရ