COVID-19 ကာလမှာ ဇာတ်လမ်းတိုလေးတွေ သားအတွက် ရေးပေးဖြစ်နေသလို “ပိုသူလှူ လိုသူကူ” အဖွဲ့နဲ့လည်း ဟင်းတွေ ချက်ရောင်းဖြစ်တယ်လို့ လူရွှင်တော် မေတ္တာက ဆိုပါတယ်။
“ကျနော်တို့ကတော့ အခုချိန်မှာ ဘာအလုပ်မှ မရှိဘူး။ တခြားသူတွေတော့ မပြောတတ်ဘူး။ ကံဆိုးတဲ့ အနုပညာသမားထဲမှာ ကိုယ်လည်းပါတယ်လို့တော့ ယူဆတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကလေးက ပျော်စရာ ကောင်းတယ်။ သဘင်သည်များအားလုံးရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကိုဖိုးချစ်က ဟင်းတွေ ချက်ပြီးတော့ လိုက်ပို့ပြီး ရောင်းတယ်”
“အလှူငွေတွေ ထည့်ကြတယ်။ ဒါတွေ လုပ်ပေးရတာ ကျေနပ်တယ်။ သီချင်းလေးတွေ ရေးဖြစ်တယ်။ အခုတော့ သားက ဇာတ်လမ်းတိုလေးတွေ ရေးပေးပါဆိုလို့ ရေးပေးနေတယ်။ ၃၊ ၄ ပုဒ်တော့ ရေးပေးပြီးပြီ။ အခုကိုဗစ်ဖြစ်တော့ မေတ္တာရွှေစင်အငြိမ့်လည်း မလုပ်ဘူးပေါ့”လို့ မေတ္တာက ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကနေ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကန့်သတ်ရက်တွေ ၁၅ ရက်တခါ တိုးနေတဲ့အပေါ်လည်း လူရွှင်တော် မေတ္တာက အခုလို ဆိုပါတယ်။
“ရောဂါဝေဒနာအတွက် ၁၅ ရက်တခါအတွက် ပိတ်နေတာဟာ ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ သူတွေ တချို့က တခြား တိုင်းပြည်မှာ အလုပ်သွားလုပ်ကြတယ်။ အဲ့လို ရောက်နေတဲ့ တိုင်းပြည်ကနေ ကျနော်တို့တိုင်းပြည်ကို ပြန်ပို့ဖို့အတွက် အခက်အခဲတွေ ရှိနိုင်တယ်”
“ကိုယ့်တိုင်းရင်းသားတွေကို လက်ခံတဲ့ အခါမှာ သတ်မှတ်ရက်တွေ တိုးတာ လူတိုင်းအတွက်ပါ။ တိုင်းပြည်တွင်းမှာ ရှိတဲ့သူတွေအတွက် တိုးတာပါ။ အဖြူတွေ၊ အနီတွေ၊ အဝါတွေ၊ အစိမ်းတွေ မခွဲခြားဘဲ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ရောဂါ အန္တရာယ်ကင်းစေဖို့ တိုးတာပါ။ ကျနော်ကတော့ အဲ့လိုပဲမြင်တယ်”လို့ မေတ္တာက ပြောပါတယ်။
လူရွှင်တော်၊ ဟာသ သရုပ်ဆောင် မေတ္တာကတော့ အငြိမ့်၊ ပြဇာတ်တွေမှာ ကပြ ဖျော်ဖြေမှုများနဲ့အတူ ပြဇာတ်အတွက် ဇာတ်ညွှန်းတွေလည်း ရေးဖွဲ့သူ တယောက်ပါ။ မေတ္တာဟာ သားတယောက်၊ သမီးတယောက်နဲ့ အတူ ပျော်စရာ ကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။
You may also like these stories:
“တန်ဖိုးကြီး အနုပညာသမားတွေ ဆုံးရှုံးရမှာ ကြောက်တယ်”လို့ ကျင်ဝှက် ပြော
“COVID-19 အကြောင်း သေချာသိရင် လူတွေ အိမ်ထဲကနေ ထွက်ရဲမှာ မဟုတ်ဘူး”
ဈေးရောင်းတာထက် အနုပညာအလုပ်ကို ပိုလုပ်ချင်တဲ့ စည်သူ (ပလပ်ကျွတ်)