အလှမယ်ပြိုင်ပွဲတွေ များပြားလာတာနဲ့အမျှ အလှမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရောက်ရှိလာတဲ့သူတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အလှမယ်တယောက်ဖြစ်တဲ့ နန်းခင်ဇေယျာကတော့ နိုင်ငံတကာက ခွင့်ပြုထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှ Miss ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“တချို့သူတွေက သူတို့ကိုယ်သူတို့ Miss ပါဆိုပြီး ခံယူတာထက် ပရိသတ်တွေ လက်ခံရမယ်။ Miss တယောက်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့နေမှ အားလုံးက လက်ခံကြမှာ။ သူ့ကိုယ်သူ ငါဟာ Miss ငါဟာ Miss ပါလို့ပြောနေလည်း သူ့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့မညီရင် ဘယ်သူကမှ ဒါဟာ Miss လား။ ငါတို့တောင်မသိပါလား။ အဲ့လိုမျိုးတွေ ဖြစ်ကြတဲ့သူတွေလည်း ရှိပါတယ်” လို့ နန်းခင်ဇေယျာက ပြောပါတယ်။
ဆက်လက်ပြီး “နန်းခင်တို့အနေနဲ့ Miss ဆိုတာ နိုင်ငံတကာကနေ ခွင့်ပြုထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီတဲ့သူမှပဲ ဖြစ်တာပေါ့။ ငါက Miss ဆိုပြီးတော့ ထဖြစ်လို့လည်း ဘယ်သူကမှ လက်ခံမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ငါ Miss ဆိုပြီးပဲ အဆင်ပြေနိုင်တယ်” လို့ ပြောပါတယ်။
အလှမယ်တယောက်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်း၊ ဗဟုသုတနဲ့ တခြားသော အရည်အချင်းများ မရှိပါက နိုင်ငံတကာစင်မြင့်ထက်မှာ အောင်မြင်ရန် မဆိုထားနဲ့ မြန်မာနိုင်ငံမှာလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“Miss တယောက်မှာ ရှိသင့်ရှိထိုက်တာက အဓိကက အရပ်အမောင်း၊ ဗဟုသုတတွေ ကြွယ်ဝရမယ်။ ပေါင်းသင်း ဆက်ဆံရေး ကောင်းရမယ်။ ပြီးရင် သေချာ ထိန်းသိမ်းထားတဲ့ ခန္ဓာကိုယ် ဖြစ်ရမယ်။ အဓိက ကျတယ်။ ရုပ်ကလည်း ကြည့်ပျော်ရှုပျော်လေး ရှိတယ်။ ဗဟုသုတလည်း မရှိဘူး။ အရပ်အမောင်းလည်း မရှိဘူးဆိုရင် ဘယ်လိုမှ နိုင်ငံတကာ စင်မြင့်မှာ မပြောနဲ့။ မြန်မာပြည်မှာတောင်ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး” လို့ နန်းခင်ဇေယျာက ပြောပါတယ်။
Miss တယောက်ဖြစ်လို့ လိုအပ်တဲ့ အရည်အချင်းများကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ Miss ဖြစ်ချင်တယ်ဆိုရင် သေချာလေ့လာမှ ရမယ်။ အနုပညာကိုလည်း လေ့လာရမယ်။ ဗဟုသုတလည်း လေ့လာရမယ်။ ဘာသာစကားလည်း ကောင်းရမယ်။ အရပ်အမောင်းလည်း သေချာ ရှိရမယ်။ အရပ်ပုရင်တော့ Miss တယောက်က မဖြစ်နိုင်ဘူး။ ၅ ပေ ၅ လောက်ကတော့ ရှိရမယ်”
“ဒါပေမယ့် ၅ ပေ ၅ တောင် အင်တာနေရှင်နယ်မှာ လုံးဝ ဂျပုဖြစ်နေတာ။ နန်းခင်တောင် ၅ ပေ ၆ ကို ဂျပု ဖြစ်နေတာ။ အရပ်ကိုရှည်အောင် ကြိုးစားရမယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ အဆီမရှိအောင် ထိန်းရမယ်။ ဒါကတော့ အမြဲလုပ်နေရမယ့် အလုပ်တွေပါ” လို့ နန်းခင်ဇေယျာက ပြောပါတယ်။
နန်းခင်ဇေယျာကတော့ အလှမယ်တယောက်နဲ့ ရပ်တည်လာခဲ့တာဟာ အခုဆိုရင် ၆ နှစ်တာကာလ ရှိပြီဖြစ်ပြီး လက်ရှိမှာတော့ အစားအသောက်များကို အွန်လိုင်းမှတဆင့် ရောင်းချပေးလျက် ရှိပါတယ်။
You may also like these stories:
မာလာရှမ်းကောအပြင် Bubble tea ပါ ရောင်းချမယ့် နန်းခင်ဇေယျာ
မိုးတွင်းမှာ “အလွမ်းရာသီ” သီချင်းသစ် ထွက်မယ့် နန်းဆုရတီစိုး